ဗန်းမော်မှာ အမျိုးသားသုံးဦး ပစ်သတ်ခံရ

RFA Burmese
2023.11.17
ဗန်းမော်မှာ အမျိုးသားသုံးဦး ပစ်သတ်ခံရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားသုံးဦးကို နိုဝင်ဘာ ၁၆ ရက် မနက် ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်မိုင် အောင်သာရပ်ကွက် အလယ်တန်းကျောင်းရှေ့တစ်ဝိုက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသား သုံးဦးကို စစ်ဆေးဖို့ တားဆီးရာ ဆိုင်ကယ်ရပ်မပေးတာကြောင့် သေနတ် ခြောက်ချက်ထက်မနည်း ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆိုင်ကယ်ကို အော်ပြီးရပ်ခိုင်းတာ မရပ်လို့ သေနတ်နဲ့ လိုက်ပစ်တဲ့အချိန် ထိပြီးသေသွားတာ။ အဲဒီနေရာကို နေ့လယ်ပိုင်းလောက် သွာကြည့်တာတော့ အမျိုးသားဖိနပ်တွေ ကျန်ခဲ့တာ တွေ့တယ်။ အလောင်းကိုတော့ စစ်တပ်က ကားနဲ့ပြန်သယ်သွားတယ်"

ပစ်ခတ်ခံရတဲ့ အမျိုးသားကို အလောင်းကို စစ်ကောင်စီက ဘယ်နေရာကို ယူသွားတယ် ဆိုတာ မသိရသေးသလို သူတို့ ဘယ်သူဘယ်ဝါဆိုတာနဲ့ အသက်အရွယ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပစ်သတ်ခံရတဲ့ အမျိုးသား သုံးဦးနဲ့ ပတ်သက်ပြီး အတိအကျသိရဖို့ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဲဒီနေရာဝန်းကျင်မှာ စစ်ဆေးရေးတင်းကျပ်ခဲ့ပြီး နေ့လယ်ပိုင်းလောက်မှ စစ်ကောင်စီတပ်သားတွေ အဲဒီနေရာကနေ ပြောင်းရွှေ့သွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီ ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီလက်ချက် ကြောင့် အရပ်သား ၄၁၈၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။