ဂရိတ်ဝေါ ဖိနပ်စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြ
2013.12.10

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဂရိတ်ဝေါ ဖိနပ်စက်ရုံနဲ့ ငွေပင်လယ်စက်မှုဇုန် က မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံတွေမှာ လုပ်ခလစာ တိုးပေးဖို့ အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။
ဂရိတ်ဝေါ ဖိနပ်စက်ရုံ အလုပ်သမားတွေ ဟာ နေ့စဉ်ကြေးနဲ့ ရက်မှန်ကြေးတွေ တိုးပေးဖို့ တောင်းဆိုနေတာဖြစ်ကြောင်း ဂရိတ်ဝေါစက်ရုံက ဆန္ဒပြအလုပ်သမား ကိုမျိုးဇော်ဦးက ပြောပါတယ်။
“အခြေခံလစာ တိုးပေးဖို့ရယ်၊ ရက်မှန်ကြေးရယ်၊ ရှားပါးစရိတ်ရယ် အဲဒီသုံးခုကို အဓိကထားပြီး တောင်းတာပါ၊ နေ့စဉ်ကြေး တစ်နာရီကို ၁၂ဝ နှုန်းနဲ့ပဲ ရှင်းတယ်ခင်ဗျ၊ မနေ့ကတော့ သူတို့ကခေါ်ပြောတယ်ခင်ဗျ၊ နေ့စဉ်ကြေးကို တစ်နာရီကို ၁၄ဝ အထိ တက်ပေးတယ်၊ ကျနော်တို့ဘက်က မရဘူးခင်ဗျ၊ ၁၅ဝ မှရမယ်ပေါ့”
ဂရိတ်ဝေါဖိနပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်နီးပါးလောက်ရှိပြီး အဲဒီအထဲက ၉၀၀ နီးပါးလောက် ဆန္ဒပြနေကြတာ ဒီနေ့ဆို ၄ ရက်မြောက်ပြီ် ဖြစ်ပါတယ်။
လက်ရှိ ရက်မှန်ကြေးက တစ်လကျပ် ၇၀၀၀ ရရှိပြီး နောက်ထပ် တစ်လ ၁ သောင်းထိ ထပ်ဆောင်းပေးဖို့ ၊ အဲဒီအပြင် ရှားပါးစရိတ် တစ်လကို ကျပ်တစ်သောင်း ထောက်ပံ့ပေးဖို့ တောင်းဆိုနေကြတာပါ။
အလားတူ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ တခြားဌာနတွေနည်းတူ အလုပ်သမားတွေကိုလည်း လစာတိုးပေးဖို့ တောင်းဆိုနေကြပါတယ်။ မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံမှာ ဌာန ၅ခုရှိပြီး အဲဒီအထဲက ဌာနတစ်ခုကိုသာ လစာတိုးပေးလိုက်တာကြောင့် အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေတာ ၄ ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။
စိုးစံဝင်း ဖိနပ်စက်ရုံ အလုပ်သမားတွေက လက်ရှိရနေတဲ့ နေ့စဉ်ကြေး ၈၀၀ ကို ၁၃၀၀ ကျပ်အထိတိုးပေးဖို့၊ လုပ်သက် ၆ လ ရှိတဲ့ အလုပ်သမားတွေကို လုပ်သက်ကြေး ၅ ထောင်တိုးပေးဖို့၊ လုပ်သက်တစ်နှစ်ရှိသူတွေကို ၁ သောင်းအထိ တိုးမြှင့်သတ်မှတ်ပေးဖို့နဲ့ ကျွမ်းကျင်ကြေးကိုလည်း နှစ်အလိုက် တိုးပြီးသတ်မှတ်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုနေကြတာပါ။