ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မဲပေးဖို့ ဝန်ထမ်းများ ဖိအားပေးခံနေရ
2010.11.01

ပဲခူးတိုင်းအနောက်ခြမ်း စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိုးလွင်ဟာ နတ်တလင်းမြို့ မြို့နယ် စည်ပင်သာယာရေးရုံးမှာ ဝန်ထမ်းတွေကို ဆင့်ခေါ်ပြီး ရွေးကောက်ပွဲမှာ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ပေးဖို့ တိုက်တွန်း ပြောဆိုသွားတာလို့ သိရပါတယ်။
မဲပေးရမဲ့နေ့ ရောက်တဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးသန့်မသွားပဲ လူစုပြီး ရုံးကားနဲ့ သွားပြီး မဲပေးကြရမယ်လို့လည်း မှာကြားသွားကြောင်း အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
“အောက်တိုဘာ ၂၂ ရက်နေ့ကပေါ့ စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးစိုးလွင် စည်ပင်သာယာ ရေးရုံး ကိုရောက်လာတယ်၊ ရောက်လာပြီးတော့ စည်ပင်သာယာဝန်ထမ်းတွေကိုပေါ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ဝန်ထမ်းအားလုံး ကြံ့ဖွံ့ပါတီကိုပဲ မဲပေးရမယ်လို့ ပြောသွားတယ်၊ ၇ ရက်နေ့မှာ အကုန်လုံးကို စည်ပင်ပိုင် မော်တော်ယာဉ်နဲ့ပဲ စုပြီးတော့ မဲရုံကို သွားရမယ်ပေါ့ အဲလိုမှာကြားသွားတယ်၊ ပြီးတော့ အတွင်းရေးမှူး ပြောသွားပြီးတဲ့အခါမှာ အငယ်တန်း အင်ဂျင်နီယာ မစန္ဒာအေးကလည်း အဲလို ရုံးရဲ့ ဂုဏ်သိက္ခာ မထိခိုက်စေဖို့ အတွက် ဒီ ညွှန်ကြားရေးမှူး ပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ ထပ်ပြီး ပြောပါတယ်ခင်ဗျ၊ ဝန်ထမ်းတွေ အနေနဲ့ကတော့ စိတ်မသက်မသာ ဖြစ်နေတာပေါ့ အကိုရာ၊ ဒီလိုမျိုးတွေ ပြောတဲ့အတွက်။”
အလားတူ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာလည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မြို့နယ်တွင်းမှာ ရှိတဲ့ မဲရုံတာဝန်ကျ ဝန်ထမ်းတွေနဲ့ ကျောင်းဆရာဆရာမတွေကို အောက်တိုဘာလ ၁၃ ရက်နေ့က ကော်မရှင်ရုံး ဖွင့်ထားတဲ့ မယက ရုံးမှာ အစည်းအဝေးခေါ်ပြီး ဗဟိုကော်မရှင်ရဲ့ အမိန့်အရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲရအောင် လုပ်ပေးကြဖို့ ပြောဆိုခဲ့ကြောင်း အစည်းအဝေးကို ကိုယ်တိုင်တက်ခဲ့တဲ့ ကျောင်းဆရာတယောက်က RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကနေပြီးတော့ မြို့နယ်မှာရှိတဲ့ မဲရုံဝန်ထမ်းတွေပေါ့နော်၊ ဆရာဆရာမတွေလည်း ပါတာပေါ့၊ ခေါ်ပြီးတော့ အစည်းအဝေးမှာပေါ့။ ဘာပြောလဲဆိုတော့ ဗဟိုကော်မရှင်က ညွှန်ကြားထားတယ်တဲ့၊ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်၊ အဲဒီတော့ ခင်ဗျားတို့အနေနဲ့ ကြံ့ခိုင်ရေးပါတီကို ခင်ဗျားတို့ မဲရအောင် ခင်ဗျားတို့ လုပ်ပေးရမယ် သူက အဲလိုပြောတယ်၊ အစည်းအဝေးခေါ်တာက ရွေးကောက်ပွဲကော်မရှင် ပေါ့နော်၊ ကျနော်တို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်း။”
သာယာဝတီမြို့နယ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းသွင်ကတော့ စောစောက လုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ချုပ်ချယ် ကန့်သတ်နေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“တော်တော်များများကတော့ ကျနော်တို့ အဲလို ကြားနေတယ်၊ ကျနော်တို့ မြို့နယ်တွေမှာလည်း နေရာတကာမှာ အဲဒီလို အသံတွေ ထွက်နေတာပေါ့၊ ဒီဟာတွေကတော့ ကျနော်တို့က ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို လိုက် ပိတ်ပင်တယ်လို့ ကျနော်တို့က မြင်တာပေါ့။” ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်နဲ့ ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းမြို့နယ်တွေမှာ ယှဉ်ပြိုင် အရွေးခံကြမဲ့ နိုင်ငံရေးပါတီ နှစ်ခုတည်းသာ ရှိပြီး သူတို့ကတော့ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို နာမည်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) နဲ့ စစ်အစိုးရက ထောက်ခံထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြောင်း သိရပါတယ်။