အစိုးရတပ်နဲ့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

ဒီကနေ့ ညနေအချိန်က လဂျားယန်အနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြန်မာပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

2012.08.18

တိုက်ပွဲဖြစ်ပွားပုံကို အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့ ခေါင်းဆောင် ကိုလဆိုင်းက အခုလိုပြောပြပါတယ်။

"ခလရ ၄၀ ကဆင်းလာတာ။ အဲတာကြောင့် ကျွန်တော်တို့နဲ့ ထိပ်တိုက် တွေ့ကြတာပေါ့။ ၅ နာရီခွဲ ကျော်ကျော်လောက်ကဖြစ်တာ။ တိုက်ပွဲကြီးတော့ မဟုတ်ပေမဲ့ လက်ဂျားယန်မှာ ထိုင်တဲ့ ခလရ ၄၀ ပေါ့။ သူတို့ ရိက္ခာပြတ်ပြီလေ။ ရိက္ခာလာပို့တဲ့ အဖွဲ့တွေကို ကြိုမဲ့သဘောရှိတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ စောင့်နေတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်နဲ့ ထိပ်တိုက်တွေ့တာ၊ သူတို့က ပြန်ဆုတ်သွားတဲ့ အနေအထား၊ ဒါပေမဲ့ အခြေအနေက ဘယ်လိုလာဦးမလဲတော့ မသိဘူး။ အခုဆက်လက် ဖြစ်ပွားနေတာပေါ့"

ကျောင်းသား တပ်မတော်က အင်အား ၅၀ ကျော်လောက်ရှိပြီး ကေအိုင်အေတပ်တွေနဲ့ ပူးတွဲ နေရာယူထားတယ်လို့ သိရပါတယ်။ လဂျားယန်တောင်ကုန်းဟာ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်သာ ဝေးပြီး ၂၀၁၁ ဇွန်လမှာ ကေအိုင်အေနဲ့ တိုက်ပွဲစဖြစ်ကတည်းက အစိုးရတပ်က အခိုင်အမာ တပ်စွဲထားတာ ဖြစ်ပါတယ်။

အခုလို ရိက္ခာပို့လာတိုင်း ကေအိုင်အေ ဒါမှမဟုတ် ကျောင်းသားတပ်ဖွဲ့တွေနဲ့ အမြဲလိုလို တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက တိုက်ပွဲတစ်ခုမှာ ကျောင်းသားတပ်ဖွဲ့က တစ်ယောက် ကျဆုံးသွားတယ်လို့ သိရပါတယ်။

အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေလည်း နေ့တိုင်းလို တိုက်ပွဲဖြစ်နေပြီး မနေ့ကဆိုရင် ပန်ဝါဒေသ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄၊ တပ်မဟာ ၃ ဒေသတွေနဲ့ ဗဟိုဌာနချုပ် ဒေသတွင်းက တပ်မဟာ ၅ ဒေသ နမ့်ဆန်ယန် ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကိုလဆိုင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။