မွတ်စလင် ၁၉ ဖွဲ့ရဲ့ တရားစွဲဆိုမှု တုန့်ပြန်ဖြေရှင်းမှာ မဟုတ်ကြောင်း မြန်မာ အစိုးရ ပြောကြား
2015.10.03

မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ တရားစွဲဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတစ်ခုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စု ဝန်ကြီးတချို့ကို ဆင့်ခေါ်ထားတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တုန့်ပြန်မှာမဟုတ်သလို သွားရောက်ဖြေရှင်းမှာလည်း မဟုတ်ဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
ဒါ့အပြင်လည်း လူမျိူးတုံးသတ်ဖြတ်မှုလို့ သုံးနှုန်းထားတာဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ပြီး အစိုးရအနေနဲ့ ဒီအသုံးအနှုန်းကို လက်မခံဘဲ ပယ်ချကြောင်းကိုလည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
"မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေက အမေရိကန်နိုင်ငံရဲ့လက်အောက်မဟုတ်ဘူးဗျာ၊ ဒါကြောင့်မို့လို့ ဖက်ဒရယ်တရားရုံးရဲ့ ဖိတ်ခေါ်ချက်က ကျနော်တို့ ဘာမှတုန့်ပြန်စရာမလိုဘူး၊ မနှစ်က ရခိုင်ပြည်နယ်မှာဖြစ်နေ တဲ့ လူမျိုးစုနှစ်စုကြားက ပြဿနာအားလုံးကို ကျနော်တို့က ဥပဒေနဲ့အညီဖြေရှင်းတယ်၊ ဥပဒေချိုးဖောက်လို့ရှိရင် တစ်ဖွဲ့လုံးကလူတွေကို အပြစ်ပေးတယ်၊ အခုလို လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့ပယ်ချ ပါတယ်၊ ဒီကနေ့ ကျနော်တို့ အစိုးရသစ်လက်ထက်အောက်မှာက ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့ အစည်းပေါင်းစုံ လွတ်လွတ်လပ်လပ် ကူညီဆောင်ရွက်နေတယ်၊ သူတို့ပြောသလို လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ ရှိတယ်ဆိုလို့ရှိရင် အဲ့ဒီမှာအထောက်အထားတွေတွေ့မှာပေါ့၊ အဲ့ဒီတော့ မခိုင်မာတဲ့ အထောက်အထားတစ်ခုကို ဘာမှန်းမသိတဲ့ အဖွဲ့အစည်းတစ်ခုခုကနေတင်တာကို လက်ခံတာကိုတော့ ကျနော်တို့လည်း အံ့သြတာပေါ့၊ ဒါပေမယ့်လည်း အမေရိကန်တရားရေးစနစ်ဆိုတော့ ကျနော်တို့လည်း ဘာမှတော့မပြောလိုဘူး"
ဒီစွပ်စွဲချက်နဲ့ တရားစွဲဆိုချက်တွေဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာချိန် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးနှက်ချက်တွေ ဖြစ်တယ်လို့လည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ရိုဟင်ဂျာ (ဘင်္ဂါလီ)တွေကို ပစ်မှတ်ထားကာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး မွတ်စလင်အဖွဲ့အစည်း ၁၉ ဖွဲ့ ပူးပေါင်းထားသည့် Burma Task Force USA (BTF) က တရားစွဲဆိုထားကြောင်း အဲ့ဒီအဖွဲ့က အောက်တိုဘာ လ (၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံရပ်ခြားသားများ အကျိုးထိခိုက်မှု အခွင့်အရေးဆိုင်ရာ အက်ဥပဒေ (ATCA) နဲ့ ညှဉ်းပမ်းနှိပ်စက်ခံရသူများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (TVPA) တို့အရ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း အဲ့ဒီထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်လည်း လူဦးရေ တစ်သန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံးနေပြီး လွှတ်တော်ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ မျိုးစောင့်ဥပဒေပြဌာန်းတာတွေ လုပ်နေကြောင်းကိုလည်း အဲ့ဒီမွတ်စလင် ၁၉ ဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။