ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မမှန်သတင်းဖြန့်မှုစွဲချက်နဲ့ ဖမ်းဆီးခံရ
2023.10.29
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရဲ့ ပြောရေးဆိုခွင့်တာဝန်ယူခဲ့သလို ပြန်ကြားရေးဝန်ကြီးတာဝန်ပါ ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ ရက် ညပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို သူနေထိုင်ရာ အလုံမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်ကနေအိမ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းဖမ်းဆီးခဲ့ပြီး အလုံမြို့မရဲစခန်းမှာ မမှန်မကန်သတင်းဖြန့်မှု ရာဇသတ်ကြီး ပုဒ်မ - ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို လူမှုကွန်ရက်ပေါ်မှာ မမှန်မကန်သတင်းဖြန့်တာကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီအခြေအနေကို သိထားသူတစ်ဦးက RFA ကိုပြောပါတယ်။
"သူ့ကိုဖမ်းတော့ မမှန်မကန်သတင်းဖြန့်တယ်၊ ရေးတယ်ဆိုပြီးဖမ်းတာ။ ဒါက ဟိုဘက်(စစ်ကောင်စီ) ဘက်က လုပ်တာပေါ့။ အလုံမြို့နယ်မှာ ၅၀၅-က နဲ့အမှုဖွင့်ပြီး အခု အင်းစိန်ထောင်မှာပါ"
အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးကလည်း ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ ရက်မနေ့ညက ဖမ်းဆီးအမှုဖွင့်ပြီးနောက် အင်းစိန်ထောင်ကိုပို့ထားတယ်လို့ RFA ကိုအတည်ပြုပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅-က ဟာ ပြစ်မှုထင်ရှားရင် ထောင်သုံးနှစ်အထိ ကျခံရမှာပါ။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီးတာဝန်ယူခဲ့သူတွေထဲ ဖမ်းဆီး အရေးယူခံရတာ ဒါက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်းသတင်းစာဆရာတစ်ဦးကတော့ ဦးရဲထွဋ်ရဲ့ ဝေဖန်ရေးသားမှုတွေဟာ အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက်ရည်ရွယ်တဲ့ ရေးသားမှုမျိုးတွေအပြင် အာဏာသိမ်းတာကို သဘောမတူတဲ့ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး ဒါဟာ စစ်ကောင်စီတပ်ထဲမှာ အုပ်စုမတူကြသူတွေရဲ့ သဘောထားကွဲလွဲမှုတွေလို့ RFA ကိုပြောပါတယ်။
ဝန်ကြီးဟောင်း ဦးရဲထွဋ် အဖမ်းမခံရခင်အချိန်က စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ စစ်ကောင်စီကို ဝေဖန်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးရဲထွဋ်ကိုဖမ်းဆီးဖို့ လှုံ့ဆော်မှုတွေရှိခဲ့ပါတယ်။