ရေကူးအသံလွှင့်ရုံဝင်း တင်ဒါခေါ် ယူမှုမှာ ကိုယ်ကျိုးကင်းကြောင်း ဝန်ကြီးဦးရဲထွဋ် ပြော
2015.06.18

ရန်ကုန်တိုင်းဒေသကြီး မရန်းကုန်းမြို့နယ်က ရေကူးအသံလွှင့်ရုံဝင်းဟောင်းမြေနေရာကို ပုဂ္ဂလိကထံလွဲှပြောင်း ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူနေတဲ့ကိစ္စမှာ မိမိကိုယ်ကျိုးစီးပွား မပါကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ယူဆရင် စွပ်စွဲပြစ်တင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။
ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်း မြေနေရာအတွက် တင်ဒါခေါ်ယူမှုကို ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတာကို ပြန်ကြားရေးဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင်လိုတဲ့အတွက် ဝန်ကြီးဦးရဲထွဋ် က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
"ကျနော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်တယ်လို့ထင်လို့ရှိရင် စွဲချက်တင်ပါ၊ ကျနော်အချိန်အရွေး လာရောက်ပြီးတော့ရင်ဆိုင်ဖို့ အဆင်သင့်ရှိပါတယ်၊ ကျနော့်ရဲ့ ကိုယ်ပိုင်ယူဆချက်ပြောရရင် ကျနော်ဟာ အင်မတန်မှ မြင့်မားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မဆိုထားနဲ့ သာမန်လူတစ်ယောက်လိုက်နာရမည့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိတယ်ဆိုရင်တောင်မှ ဘယ်သူမှပြောစရာမလိုပဲနဲ့ နှုတ်ထွက်သွားဖို့ အသင့်ရှိပါတယ်၊ ဒီစီမံကိန်းကိုလုပ်တဲ့အခါမှာ ကျနော့်ရဲ့ယုံကြည်ချက်အရ ကျနော်လုပ်ခဲ့တယ်၊ ကိုယ်ကျိုးစီးပွား မပါဘူးဆိုတာကို ထပ်လောင်းပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်"
ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ဖို့ ဆုံးဖြတ်ထားတာကို ပြန်ကြားရေးဝန်ကြီးဌာနက မလိုက်နာရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က စွဲချက်တင်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကနေ့ ဝေဖန်ထောက်ပြကြတာဖြစ်ပါတယ်။
လွှတ်တော်တွင်းမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးတို့ အခြေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးချက်တွေကို မှတ်တမ်းတင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
မြေဧက ၉၀ လောက် အကျယ်ရှိတဲ့ ရေကူးအသံလွှင့်ရုံဝင်းဟောင်းမြေနေရာကို ပုဂ္ဂလိကထံ လွဲှပြောင်းဖို့ အတွက် ပြန်ကြားရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ ရုပ်သံလိုင်း တည်ထောင်ခွင့်ရထားတဲ့ ကုမ္ပဏီတစ်ခုကိုရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ထားသလိုဖြစ်နေကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့မေလက တင်ပြခဲ့ တာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်တင်ပြထားတာ နားဆင်နိုင်ပါတယ်။