KIO ဌာနချုပ်အနီးက အစိုးရတပ်တွေ ရုပ်သိမ်းပေးဖို့ အဖွဲ့ တစ်ရာကျော် တောင်းဆို
2014.11.28

ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ခရာဘွမ်တောင်ကြော တစ်လျှောက်မှာရှိတဲ့ အစိုးရစစ်တပ်ရဲ့တပ်စခန်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ရုပ်သိမ်း မိန့်ထုတ်ပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်း တစ်ရာကျော်က ကာကွယ်ရေးဦးစီးချုပ်ထံ အိတ်ဖွင့်ပေး စာတစ်စောင် ပေးပို့လိုက်ပါတယ်။
ပြည်သူတွေရဲ့ဆန္ဒကို ကာကွယ်ရေးဦးစီးချုပ်သိအောင် အခုလိုတောင်းဆိုလိုက်တာဖြစ်တယ်လို့ Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြော ပါတယ်။
"အဓိကကတော့ ဒီပြည်တွင်းစစ်တွေ ဆက်ဖြစ်နေ တဲ့ကိစ္စကို ကျနော်တို့ တော်တော်ကို သည်းမခံနိုင်တော့ဘူးဗျ၊ နောက်ထပ်ငြိမ်းချမ်းရေးကို ထိခိုက်နိုင်မဲ့ ဒီလိုမျိုးလက်နက်ကြီးနဲ့ ပစ်ခတ် တဲ့ ဖြစ်နေတဲ့ဖြစ်နေတဲ့အရာတွေ ဒါတွေဖြေရှင်းပေးဖို့အတွက် သမ္မတနဲ့ ကာချုပ်ကို တောင်းတာဖြစ် ပါတယ်ခင်ဗျ၊ ကျနော်တို့ရဲ့ ဆန္ဒကိုသူတို့သိအောင်တော့ဗျာ ဒါကျနော်တို့ လုပ်တာပါပဲ၊ အဲ့ဒီနောက်ပိုင်း မှာ အခုဆိုလို့ရှိရင် ဒီတွေ့ဆုံပွဲတွေလုပ်တော့မယ်၊ အဲ့ဒီတော့ ကျနော်တို့ ပြည်သူလူထုရဲ့ သဘော ဆန္ဒကော ဘယ်လိုရှိမလဲဆိုတာကို သူတို့ ၆ ပွင့်ဆိုင်တွေ့တဲ့အချိန်မှာ ဒီထက်ပိုမိုပြီးတော့ ထိရောက်မှှု ရှိသော တိုင်းတာနိုင်သည့်လုပ်ငန်းစဉ်တွေ ပေါ်လာမယ်လို့ထင်တယ်၊ အဲ့ဒီကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးကြမယ်လို့ ကျနော်တို့ ယူဆပါတယ် "
တပ်စခန်းတွေကို ရုပ်သိမ်းမိန့်ထုတ်ပေးခြင်းဟာ စစ်ရေးတင်းမာမှုတွေနဲ့ တိုက်ပွဲဖြစ်ပွားမှုကို လျော့ကျစေမှာဖြစ် တယ်လို့ ပေးစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာထက် တွေ့ဆုံဆွေးနွေးရေးကသာ အဖြေဖြစ်ကြောင်း၊ စစ်ဘေးကြောင့် ထွက်ပြေးနေကြတဲ့ဒုက္ခသည်တွေ ဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးနိုင် ဖို့ကိုလည်း အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တပ်မတော်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကေအိုင်အိုဌာနချုပ် ဗိုလ်လောင်းသင်တန်းကျောင်းက သင်တန်းသား ၂၃ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။