ဘူးသီးတောင်မှာ တိုက်ပွဲဖြစ်တယ်လို့ AA ထုတ်ပြန်
2016.02.29

Photo: Arakan Army
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ် နယ်ခြားမှတ်တိုင်အမှတ်- ၆၃၊ ၆၄ အနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အစိုးရတပ်မတော်ဘက်က တပ်အင်အား တိုးချဲ့လာတာတွေ ရှိတယ်လို့လည်း ပါရှိပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က သတင်းထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ တစ်ကြိမ်၊ ဒီဇင်ဘာလကုန်လောက်မှာ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၂ဝဝ လောက်ဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး အခုချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။