အခေါက်ရွှေတစ်ကျပ်သား ကျပ်ရှစ်ဆယ့်ငါးသိန်းအထိ ရောက်လာ

RFA Burmese
2024.08.13
အခေါက်ရွှေတစ်ကျပ်သား ကျပ်ရှစ်ဆယ့်ငါးသိန်းအထိ ရောက်လာ ရန်ကုန်မြို့မှ ရွှေဆိုင်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံမှာ ရွှေဈေးက မကြုံစဖူး တစ်ရက်အတွင်း ခြောက်သိန်းလောက် ခုန်တက်သွားခဲ့တယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ အခေါက်‌ရွှေတစ်ကျပ်သားကို ငွေကျပ်ရှစ်ဆယ့်ငါးသိန်းလောက်အထိ ရောက်လာခဲ့ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့မှာ အခေါက်‌ရွှေ တစ်ကျပ်သားကို ၇၈ သိန်းလောက်ကနေ တစ်ရက်အတွင်းတက်သွားခဲ့ တာလို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“မနေ့က ၇၅၊ ၇၆၊ ၇၇၊ ၇၈ အဲဒီဟာက ကြိုက်ရောင်း ကြိုက်ဝယ်စျေး တစ်နေရာနဲ့ တစ်နေရာ မတူဘူး၊ အထက် ဗမာပြည်က ပိုဆိုးတယ်၊ ဒီနေ့မနက် နေ့လည် ၁၂ နာရီ လိုင်းပေါ်ကြည့်လိုက်တဲ့အချိန်မှာ ရွှေဈေးက သိန်းရှစ်ဆယ်နဲ့ အထက်ကို ဖြစ်သွားတယ်၊ ၈၅ လောက်ကြားရတယ်၊ အံ့သြစွာ တစ်ရက်ထဲကို ခြောက်သိန်း လောက် ခုန်တက်သွားတာ၊ တစ်ခါမှတော့ မကြုံဖူးဘူး၊ နှစ်သိန်း သုံးသိန်း ခုန်တာတော့ ကြုံဖူးတယ်"

အရင်က ရွှေစျေးတက်ပြီဆို ပြန်ရောင်းတဲ့သူတွေ များခဲ့ပေမဲ့ အခုကတော့ ဈေးတက်နေပေမဲ့ ရောင်းတဲ့သူမရှိ တာကြောင့် စျေးကွက်မှာ ရှိတဲ့ပစ္စည်းကို လုဝယ်နေရသလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ရွှေစျေးတက်ရတာဟာ ဝယ်လိုအားများနေတာကြောင့်အပြင် ကမ္ဘာ့ရွှေဈေးတက်လာတာကြောင့်လည်း ပါတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

ပြင်ပ ဒေါ်လာအရောင်းအဝယ် စျေးကွက်မှာတော့ သြဂုတ် ၁၃ ရက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၇၁၅၀ ကနေ ၇၅၀၀ အထိ ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။ ကြိုက်ရောင်း ကြိုက်ဝယ် ဈေးတွေဖြစ်နေတာကြောင့် ဈေးအတိအကျပြောဖို့ ခက်တယ်လို့လည်း ဆိုပါတယ်။

ထိုင်းဘတ်ငွေဟာလည်း ဩဂုတ်လ ၁၃ ရက်မှာ ထိုင်းဘတ် တစ်ဘတ်ကို မြန်မာငွေ နှစ်ရာကျပ် ဖြစ်လာတာ ကြောင့် မြန်မာငွေတစ်သိန်းကို ထိုင်းဘတ် ငါးရာပဲ ရတော့မယ်လို့ ထိုင်း-မြန်မာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

မြန်မာပြည်ရဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အမေရိကန်ဒေါ်လာနဲ့ ရွှေဝယ်စုသူတွေ များလာတာကြောင့် အခုလို စျေးတွေအဆမတန် တက်လာတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကို ၁၃ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာစျေးကလည်း တစ်ဒေါ်လာကို ၁၄၀၀ ကျပ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။