မြန်မာ့ရွှေဈေး ဆယ်ရက်အတွင်း ကျပ်ရှစ်သိန်း မြင့်တက်
2024.05.30

အခေါက်ရွှေဈေးနှုန်းတွေဟာ မေလ ၂၀ ရက်နေ့မှာ တစ်ကျပ်သား ကျပ်သိန်း ၅၀ ဝန်းကျင်ရှိရာကနေ မေလ ၃၀ ရက်နေ့မှာတော့ ၅၈ သိန်းကျော် (၅,၈၂၀,၀၀၀ ကျပ်) အထိ မြင့်တက်နေတယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
လက်ရှိ ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်နေရတာဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေဈေး သတ်မှတ်ချက်နဲ့ ပြင်ပပေါက်ဈေး ကွာဟနေတာကြောင့်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကကတော့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ အပြင်နှုန်းနဲ့ ကွာဟချက်ကြောင့်ပဲ။ နိုင်ငံခြားငွေ ကွာဟချက်က နေ့တိုင်းပြောင်းလဲလာတာ။ သူပြောင်းလာတာနဲ့အညီ ရွှေကလည်း အဲဒါကြောင့် ပြောင်းလာတာ”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
YGEA ကတော့ မေလ ၃၀ ရက်နေ့မှာ အခေါက်ရွှေတစ်ကျပ်သား သိန်းလေးဆယ်နီးပါး (၃,၉၉၈,၈၀၀ ကျပ်) ပေါက်ဈေးရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပြင်ပပေါက်ဈေးနဲ့ ၁၈ သိန်းခန့် ကွာဟနေတာပါ။
ရွှေဈေးနှုန်းတွေနဲ့အတူ အမေရိကန်ဒေါ်လာဈေးနှုန်းဟာလည်း တစ်ဒေါ်လာ ၄၀၀၀ ကျပ်ဝန်းကျင်ကနေ ဆယ်ရက်တာအတွင်း ၄၇၀၀ ကျပ်နီးပါးအထိ မြင့်တက်နေတယ်လို့ ဒေါ်လာရောင်းဝယ်နေသူတွေက ပြောပါတယ်။
အခုလို ရွှေနဲ့ နိုင်ငံခြားငွေ စံချိန်တင်ဈေးမြင့်တက်မှုတွေဟာ နိုင်ငံရေးအခြေအနေနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့်လို့ ရွှေနဲ့ ဒေါ်လာဈေးကွက် လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“ငွေကြေးဖောင်းပွမှုတွေ၊ ဒေါ်လာလိုအပ်ချက်ကို ဒီသုံးနှစ်တာကာလအတွင်း မဖြည့်ပေးနိုင်ဘူး။ နိုင်ငံရေးကောင်းနေတဲ့အချိန်မှာတောင် ငွေကြေးဖောင်းပွမှုကဖြစ်နေတာ။ နိုင်ငံရေး ဆိုးဆိုးရွားရွားဖြစ်နေချိန်မှာ အဆင်မပြေဘူး”
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ လူမှုကွန်ရက်တွေပေါ်မှာ ငွေကြေးလဲလှယ်ပေးနေသူတွေ၊ ငွေကြေးဈေးနှုန်း ဖော်ပြနေသူတွေကြောင့် ဈေးနှုန်းမတည်မငြိမ်ဖြစ်ရတာလို့ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်မရှိဘဲ လုပ်ကိုင်နေတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၁၆ ခုကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူထားတယ်လို့ ဗဟိုဘဏ်က ပြောထားပါတယ်။
ဗဟိုဘဏ်က အရေးယူမှုတွေရှိနေပေမဲ့ ရွှေနဲ့ ဒေါ်လာစျေးကတော့ ဆက်တိုက်မြင့်တက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။