ရွှေဆိုင်တွေ သတ်မှတ်စျေးနဲ့ မရောင်းရင် အရေးယူမယ်လို့ ရန်ကုန်ရွှေအသင်းထုတ်ပြန်
2024.06.05
ရွှေဈေးတည်ငြိမ်ဖို့အတွက် ရွှေဆိုင်တွေ ပိတ်ထားတာမျိုးမလုပ်ဘဲ နေ့စဉ်ဖွင့်လှစ်ရောင်းချရမှာဖြစ်သလို သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းတွေအတိုင်း အရောင်းအဝယ်မလုပ်ရင်လည်း ထိထိရောက်ရောက် အရေးယူမယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ဇွန်လ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ရွှေလုပ်ငန်းရှင်အသင်းက နေ့စဉ်ရောင်းချရမဲ့ဈေးနှုန်းကို တစ်နေ့ သုံးကြိမ်ထုတ်ပြန်ပေးနေပြီး အဲဒီထုတ်ပြန်တဲ့ ဈေးနှုန်းအတိုင်းရောင်းသာ ရောင်းချရမယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းရွှေအသင်းကတော့ ဒီနေ့အတွက် အခေါက်ရွှေတစ်ကျပ်သားကို ၄၈ သိန်းကျော် (၄,၈၁၅,၀၀၀ ) နဲ့ အရာင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားပါတယ်။
ဒီလိုသတ်မှတ်လိုက်တဲ့အပေါ် မလိုက်နာတဲ့ ရွှေဆိုင်တွေလည်း ရှိလာနိုင်ပြီး မှောင်ခိုဈေးကွက် ဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဒီလိုထုတ်ပြန်လိုက်တာကြောင့် ရွှေဆိုင်တွေ တစ်ဆိုင်နဲ့ တစ်ဆိုင် ဖြေရှင်းပုံတော့ တူကြမှာမဟုတ်ဘူး။ တချို့က အရေးယူခံရမှာစိုးတာလို့ ဟန်ပြရောင်းရုံ သက်သက်ပဲ။ အများကြီးတော့ ထုတ်ရောင်းနိုင်မှာ မဟုတ်ဘူး။ မှောင်ခိုစျေးကွက်ဘက်ကို အားသန်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ရွှေတွေက လိုသလောက်ကို အစိုးရအနေနဲ့ ထုတ်မရောင်းချပေးနိုင်တဲ့အတွက် မှောင်ခိုစျေးကွက်ကို ပိုအားသန်သွားနိုင်တယ်။ မှောင်ခိုလမ်းကြောင်းနဲ့ အလုပ်လုပ်ကြလိမ့်မယ်။ သူတို့ရွှေစျေးကို မထိန်းနိုင်ပါဘူး”
လက်ရှိမှာလည်း YGEA က သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း အရောင်းအဝယ်မဖြစ်ဘဲ ပြင်ပရွှေဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်ရေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“သူတို့သတ်မှတ်ထားတဲ့ စျေးနဲ့ရောင်းဖို့ ရွှေဆိုင်တွေကို ဖိအားပေးတဲ့အခါ အချို့နာမည်ကြီး ဆိုင်တွေက အရှုံးခံပြီး ဟန်ပြနည်းနည်း ထုတ်ရောင်းချင် ရောင်းလိမ့်မယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ လက်ရှိ ပြင်ပမှာ ကြိုက်ရောင်းကြိုက်ဝယ် ပေါက်စျေးက ၅၃ သိန်းကျော် ဝန်းကျင်ပေါက်နေတယ်။ သူတို့သတ်မှတ်ထားတဲ့ စျေးနှုန်းက မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ဆိုင်က ဖွင့်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမကောင်းတဲ့အတွက် ရွှေတွေတော့ ခင်းမထားဘူး”
YGEA ကတော့ သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးနဲ့ ရွှေဆိုင်တွေအားလုံး အရောင်းအဝယ်လုပ်ကြဖို့ ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး ရွှေစျေးနှုန်းတည်ငြိမ်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က တစ်ကျပ်သားကို ၁၃ သိန်းခန့်သာရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ၅၈ သိန်းအထိ လေးဆနီးပါး မြင့်တက်ခဲ့သလို ဒေါ်လာစျေးကလည်း အာဏာမသိမ်းခင် ၁၃ဝဝ ခန့်ကနေ ၄၈ဝဝ ကျပ်အထိ သုံးဆကျော် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။