ရွှေလုပ်ငန်းရှင်တချို့ ဖမ်းဆီးခံရပြီးနောက် အခေါက်ရွှေရောင်းဝယ်မှု ရပ်ဆိုင်း
2024.06.04

ပြည်တွင်းရွှေစျေးကွက်မှာ စျေးနှုန်း မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ ရွှေလုပ်ငန်းရှင်တွေနဲ့ ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာပြီးနောက် ပြင်ပဈေးကွက်မှာ အခေါက်ရွှေရောင်းဝယ်မှုတွေ ရပ်ဆိုင်းနေတယ်လို့ ရွှေအရောင်းအဝယ် လုပ်နေသူတစ်ဦးက RFA ကို ဇွန်လ ၄ ရက်နေ့မှာ ပြောပါတယ်။
“အဓိက အလုပ်လုပ်နေတဲ့သူတွေ ရပ်ဆိုင်းသွားတော့ အောက်မှာ လုပ်နေတဲ့သူတွေလည်း ရပ်သွားတဲ့သဘောပဲ။ ကျွန်တော်တို့ဆို ဆိုင်လုံးဝမဖွင့်နိုင်ဘူး။ မြို့ထဲက ဒိုင်ကြီးတွေ အရောင်းအဝယ် ရပ်သွားတဲ့အတွက် အောက်ကဆိုင်တွေပါ အားလုံး အရောင်းအဝယ် ရပ်သွားတယ်။ စျေးကွက် ပျက်သွားတဲ့သဘောပဲ။ အရောင်းအဝယ်လုပ်ရတာ အောက်ခြေမှာပါ ဆက်တိုက်အရောင်းအဝယ် ပျက်သွားတဲ့အတွက် အခက်အခဲတွေတော့ ဖြစ်သွားတယ်”
ပြည်တွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၅၉ သိန်းအထိ ရောက်ရှိခဲ့ပြီးနောက် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်လာတာပါ။ ဒီလိုလုပ်ဆောင်နေပေမယ့် ရွှေစျေးကတော့ သိသိသာသာကျမလာဘူးလို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ နောက်တစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းကို ရွှေစျေးကွက် မဖွင့်ဘူး။ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်သွားပြီ။ ၅၁ သိန်းခွဲလောက် ရှိတယ်။ ရွှေစျေးက အရမ်းကြီးကျသွားတာ မရှိပါဘူး။ ဘယ်လိုပဲပြောပြော ၅၀ အထက်မှာပဲ ရှိတယ်။ ရွှေတုံးရောင်းတဲ့ဆိုင်တွေက အကုန်ပိတ်ထားတယ်။ ရွှေစျေးကွက် စျေးနှုန်းမဖွင့်တော့ ရွှေစျေးကိုမသိရတော့ အရောင်းအဝယ် မလုပ်ဖြစ်ကြတော့ဘူး”
ပြင်ပရွှေစျေးကွက်တွေ ဈေးမဖွင့်နိုင်ပေမယ့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဇွန်လ ၄ ရက်နေ့ သတ်မှတ်ထားတဲ့ ရွှေစျေးနှုန်းကတော့ ကျပ် ၄၉ သိန်းနီးပါး( ၄,၈၇၁,၀၀၀ ကျပ် ) ရှိပါတယ်။
ရွှေစျေးမတည်ငြိမ်အောင် နောက်ကွယ်က လုပ်ဆောင်နေတယ်ဆိုတဲ့အထဲမှာ အောင်သမာဓိရွှေဆိုင်၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း၊ ဇွဲထက် ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်တို့က ပိုင်ရှင်တွေအပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦး ပါဝင်ပြီး သူတို့ကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။