ရွှေလုပ်သားများ နေပြည်တော်ကို ချီတက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာအုပ်စုမှာရှိတဲ့ မိုးထိ မိုးမိတောင်က ထောင်နဲ့ချီတဲ့ ရွှေတူးလုပ်သားတွေဟာ သူတို့တောင်းဆိုတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်ရှိ သမ္မတ အိမ်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှု ဒီကနေ့ မနက်(၁၀) နာရီက စတင်ပြုလုပ်လိုက်ပြီလို့ သိရှိရပါတယ်။

2012.06.11
gold-mine-strike-b305 ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ တူးကုန်းကျေးရွာ အုပ်စုရှိ မိုးထိ မိုးမိတောင် ရွှေတူးလုပ်သားများ တောင်းဆိုဆန္ဒပြ မှု ပြုလုပ်နေကြစဉ်
Photo: RFA

သံဃာတော် (၁၁) ပါး အပါအဝင် လူဦးရေ တစ်ထောင်ကျော်တဲ့ လူအုပ်ကြီးဟာ ကြွေးကြော်သံများ တိုင်ကြားကာ ချီတက်ဆန္ဒပြကြတာ ဖြစ်တယ်လို့ ချီတက်ရာမှာ ဦးဆောင် ပါဝင်သူတစ်ဦးက ပြောပါတယ်။

အခုလိုဆန္ဒပြသူ ရွှေတူးလုပ်သားတွေဟာ ဒီဒေသမှာ လုပ်ကိုင်နေတဲ့ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီက လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ကွက်တွေကို ဆက်လက် လုပ်ကိုင်ခွင့် မပြုတာကြောင့် ဇွန်လအစောပိုင်းကတည်းက ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြေလည်မှုမရတဲ့အတွက် အခုလို သမ္မတ အိမ်တော်အထိ ချီတက် ဆန္ဒပြ ရတာပါလို့ အဆိုပါ ဦးဆောင်သူက ပြောပါတယ်။

“ငွေတွေနဲ့ သွေးတွေ ချွေးတွေနဲ့ ဆောက်လုပ်ထားတဲ့ အင်းတွေ၊ အက်တာတွေကို ကြီးပွားတိုးတက်ရေး ကုမ္ပဏီက မတရားသဖြင့် သိမ်းပိုက်လိုက်တဲ့ လုပ်ပိုင်ခွင့်တွေ ကို ပြန်လည်ပေးမယ်လိုလို ဘာလိုလိုနဲ့ ကတိတွေ အတန်တန်ပေးပြီးတော့ ပြီးခဲ့တဲ့ (၁၀) ရက်နေ့မှာ ဆုံးဖြတ်ချက် ချပေးပါမယ်လို့ဆိုခဲ့ပါတယ်။ ဆုံးဖြတ်ချက် တစုံတရာ မချတဲ့အတွက် ရွှေတူးလုပ်သားတွေကနေပြီးတော့ ကြေညာချက်ကို ထုတ်ပြီးတော့ (၁၁) ရက်နေ့မှာ နေပြည်တော်မှာရှိတဲ့ သမ္မတ အိမ်တော်ကို နစ်နာဆုံးရှုံးမှုတွေကို တရားသဖြင့် ပြန်လည် ရရှိအောင်လို့အတွက် ချီတက်ဆန္ဒပြခြင်း ဖြစ်ပါတယ်”

ရွှေလုပ်သားတွေရဲ့ တောင်းဆိုချက်တွေကတော့ အင်း၊ အက်တာများ ပြန်လုပ်ကိုင်ခွင့်ပေးရန်၊ ဇုန်အသီးသီးရှိ ကျောက်ကြိတ်စက်များကို ယခင်အတိုင်း ကြိတ်ခွဲ ခွင့်ပြုရန်၊ ထုံးကြီးတောင်ဒေသရှိ ရွှေလုပ်သားများအား အစုခွဲစားခွင့်ဖြင့် ယခင်အတိုင်း လုပ်ကိုင်ခွင့်ပြုရန်၊ အင်း၊ အက်တာတွေနဲ့ ပတ်သက်လို့ နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန်၊ လုပ်ငန်းများရပ်ဆိုင်းထားတဲ့ အချိန်ကာလအတွက် အသေးစား ရွှေလုပ်ငန်းရှင်တွေနဲ့ မှီခိုလုပ်သားတွေကို နစ်နာကြေးပေးရန်၊ တောင်းဆိုချက်များအား နှစ်ဦးနှစ်ဘက် အပြန်အလှန် ညှိနှိုင်းပြီး သဘောတူလက်မှတ်ထိုး၍ စာချုပ်ချုပ်ဆိုထားရှိရန် စတဲ့အချက် (၆) ချက်ပါဝင် ပါတယ်။

ဒီအလုပ်သမားတွေဟာ ကုမ္ပဏီကစတင် လုပ်ကိုင်ခွင့် စတင်ရတဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလကတည်းက လာရောက်လုပ်ကိုင်နေတာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေကို ကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က ကိုသောင်းထိုက်က အခုလိုပြောပါတယ်။

“အရင်တုန်းက လုပ်ကိုင်ခွင့်ရတုန်းက ကုမ္ပဏီကို (၅၀-၅၀) အချိုးပေးထားတယ်။ အချိုးပေးပြီးတဲ့ အပြင်ကို ကုမ္ပဏီရဲ့ member ဝင်တွေကိုလည်း အလုပ်သမားတွေက သူတို့ရတဲ့ အထဲက တစ်စုထပ်ပေးရတယ်။ အားလုံးပေါင်းဆို ၆၀ စားပေးရတယ်။ ရွှေတွင်းလုပ်သားတွေက ၄၀ စားနဲ့ လုပ်ကိုင်နေတယ်။ လုပ်ကိုင်နေရင်းနဲ့မှ (၆) လကျော်လာတဲ့အခါမှာ ၅ လပိုင်း ၁ ရက်နေ့ကနေ စပြီးတော့ ရွှေတွင်းလုပ်သားတွေကို ပိတ်ပြီးတော့ လုပ်ကိုင်ခွင့် မပေးတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်တယ်”

ရွှေတူးလုပ်သားတွေဟာ ဇွန်လ ၁ ရက်ကစပြီး ဆန္ဒပြနေကြတာဖြစ်ပြီး ဒီနေ့မှာတော့ နေပြည်တော်ရှိ သမ္မတ အိမ်တော်အထိ ချီတက်လမ်းလျှောက်ဖို့ စတင်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။