ရွှေတွင်းလုပ်သားများ ဆက်လက်ဆန္ဒပြ

ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တဝိုက်မှာ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အသေးစား ရွှေတွင်းကုမ္ပဏီတွေ၊ ရွှေတွင်းလုပ်သားတွေနဲ့ သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါးဟာ ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

2012.06.07
gold-miner-crisis-b305 ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တဝိုက်ရှိ အသေးစား ရွှေတွင်းကုမ္ပဏီ၊ ရွှေတွင်းလုပ်သားများနှင့် သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါး ၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်တွင် ဆန္ဒပြနေကြစဉ်။
RFA

တစ်ချိန်တည်းမှာလည်း ရွှေတွင်းအလုပ်သမား ကိုယ်စားလှယ်တွေဟာ လုပ်ငန်းခွင်တခုလုံးကို အပိုင်သိမ်းလိုက်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သူတို့ တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ ညှိနှိုင်းနေဆဲလို့ ရွှေတွင်းအလုပ်သမားတွေက ပြောပါတယ်။

ရွှေလုပ်သားတွေဘက်က တောင်းဆိုချက်တွေက သိမ်းဆည်းခံထားရတဲ့ ရွှေတွင်း အင်း-အက်တာတွေ ပြန်ဖွင့်ပေးဖို့၊ ချမှတ်ထားတဲ့ ဇုန်အသီးသီးက ရွှေတူးစက်တွေ ပြန်လည်ပတ်နိုင်ဖို့၊ တပိုင်တနိုင် လုပ်ငန်းရှင် အသေးစားတွေနဲ့ တွဲလုပ်တဲ့ ရွှေလုပ်သားတွေရဲ့ အစုခံစားခွင့်တွေ ပြန်ရဖို့အတွက် တောင်းဆိုဆန္ဒပြနေကြတာ ဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

မိုးထိမိုးမိတောင် ရွှေတွင်းလုပ်ငန်းမှာ ဇုန် ၁၂ ဇုန်ရှိပြီး အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ အရင်က အကျိုးတူစီးပွားလုပ်ကြတဲ့ လက်ခွဲကုမ္ပဏီ ရာဂဏန်းအထိ ရှိမယ်လို့ သိရပါတယ်။ အဲဒီ လက်ခွဲကုမ္ပဏီအငယ်တွေဟာ သိန်း ၃၀၀ အနည်းဆုံး ရင်းနှီးမြှုပ်နှံထားကြပြီး အစိုးရထံမှာ ၅နှစ် ကန်ထရိုက်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ အကျိုးတူစီးပွား လုပ်ကိုင်နေကြတာပါ။

၇ လလောက်သာ အကျိုးတူစီးပွား လုပ်ကိုင်လာကြရာကနေ လုပ်ငန်း အဆင်ပြေ ချောမွေ့စပြုချိန်မှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ရွှေလုပ်ငန်းတစ်ခုလုံးကို အပိုင်သိမ်းလိုက်တဲ့အတွက် ရွှေတွင်းလုပ်ငန်းငယ်တွေနဲ့ အလုပ်သမားတွေ စုပေါင်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ရွှေတွင်းမှာ ဆန္ဒပြနေကြတဲ့ကိစ္စကို ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ရန်ကုန်အခြေစိုက် အိုင်အယ်လ်အိုရုံးက ကိုယ်စားလှယ် ၂ ဦးလည်း ရောက်ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။