NLD ခေါင်းဆောင်များကို ဂျာမနီ သံအမတ်ကြီး တွေ့ဆုံဆွေးနွေး

NLD ပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မဲ့ အစီအစဉ်များကို အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဆွေးနွေး ညှိနှိုင်းတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးဟာ ပါတီအနေနဲ့ ရွေးကောက်ပွဲကို ဘယ်လို ဖြတ်သန်းမယ် ဆိုတာကို ဆွေးနွေးတာ ဖြစ်တယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

2010.10.25

NLD အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက အစည်းအဝေးနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“ကျွန်တော်တို့က ပွဲပြီးမီးသေ မဟုတ်ပဲနဲ့ သေသေချာချာ ပြည်သူထဲမှာ စိမ့်ဝင်နေအောင် ပြည်သူထဲမှာ နားထဲမှာ ယဉ်နေအောင် အဲလို ကျွန်တော်တို့က ဘယ်လို လှုပ်ရှားပြီးတော့ ဝင်ရပြီးတော့ ကျွန်တော်တို့ လူငယ်တွေနဲ့ အခြားသော လူငယ်တွေနဲ့ အခြားသော ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပေါင်းစပ်ပြီးတော့ကာ လုပ်ကိုင်သွားဖို့ကိစ္စ အဝဝကိုလည်းပဲ ဒီနေ့ ကျေကျေလည်လည် ဆွေးနွေးပြီးလျှင် ကျွန်တော်တို့ ဒါကို ပြည်သူလူထု သိအောင် သိနိုင်တဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့က ဆက်လက်ပြီး ဆောင်ရွက်သွားဦးမယ် ဆိုတာလေးလည်း ဒီနေ့ ကျွန်တော်တို့ အချိန်ယူပြီးတော့ ဆွေးနွေးလိုက်ပါတယ်ခင်ဗျ။”

ဒီကနေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့ရှိ ဂျာမနီနိုင်ငံ သံရုံးက သံအမတ်ကြီး Mr Julius Georg Luy နဲ့ ဒုတိယ သံအမတ်ကြီး တို့ဦးတင်ဦးနဲ့ NLDဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တွေကို ဦးတင်ဦးရဲ့ နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ နှစ်နာရီခွဲကျော်ကြာတဲ့ တွေ့ဆုံပွဲမှာ ဦးတင်ဦးနဲ့အတူ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊နဲ့ ဦးဟံသာမြင့်တို့ တက်ရောက်ခဲ့တာပါ။

အစည်းအဝေးမှာ သံအမတ်ကြီးက NLD ပါတီ အနေနဲ့ ရှေ့ဆက် ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မေးမြန်းတာတွေလည်း ရှိတယ်လို့ ဦးတင်ဦးက ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လာမလားလို့ မေးတဲ့အခါ ကျွန်တော်တို့ကတော့ ဒီ ဥပဒေအတိုင်းဆိုရင် လွတ်ရမယ်ပေါ့။ လွတ်မယ်လို့လည်း ကျွန်တော်တို့က ယုံကြည်တယ်ပေါ့။ အဲဒီတော့ သူက ပြောတာက အဲလို လွတ်လာရင် သူဘာလုပ်မလဲပေါ့။ ခင်ဗျားကလည်း နိုင်ငံရေးအားဖြင့် ဥပဓိရုပ်ဟာ ကြီးမားတယ်လို့။ လွတ်လပ်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကြီးမားနေပြီ ဖြစ်တယ်လို့။ သူဟာ လူထုကို အားကိုးပြီး လုပ်တာဖြစ်တဲ့အတွက် လူထု အားကိုးရာရောက်တဲ့ အနေအထားမှာ ဖြစ်တော့ သူဟာ မလွှဲမသွေ သူချစ်တဲ့ ပြည်သူလူထုနဲ့ တွေ့မှာပဲလို့။ တွေ့တဲ့အခါမှာ အရင်တုန်းကလို တားတာ၊ ဆီးတာ၊ ပိတ်တာ၊ ဆို့တာ ဒါတွေကို ရှိဦးမလားဆို ဒါတော့ ကျွန်တော်တို့ မပြောတတ်ဖူးလို့။”

တဆက်တည်း၊ သံအမတ်ကြီးက ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြောင်း အကူအညီပေးစရာတွေကို ကူညီသွားမှာ ဖြစ်ကြောင်း စသဖြင့် ပြောဆိုသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။