ICJ အမှု နှစ်ဖက်လျှောက်လဲချက်ပေးဖို့ တစ်နှစ်ကျော် အချိန်တိုးပေး

RFA Burmese
2023.10.24
ICJ အမှု နှစ်ဖက်လျှောက်လဲချက်ပေးဖို့ တစ်နှစ်ကျော် အချိန်တိုးပေး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။
ICJ

Updated: 12:52 PM, Oct 24, 2023

နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်ပေးဖို့အတွက် တရားရုံးက ထပ်တိုးအချိန်တွေသတ်မှတ်ခွင့်ပြုလိုက်ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ICJ တရားရုံးရဲ့ အမိန့်ကြေညာချက်မှာ ဒုတိယအကြိမ် လျှောက်လဲချက်တင်နိုင်ဖို့ နှစ်နိုင်ငံလုံးကို နောက်ထပ် ခုနှစ်လစီ အချိန်ထပ်တိုး ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဂမ်ဘီယာနိုင်ငံက နောက်နှစ် ၂ဝ၂၄ မေလ ၁၆ ရက်နေ့ နောက်ဆုံးထား ဒုတိယအကြိမ် လျှောက်လဲချက်တင်မှာဖြစ်ပြီး၊ မြန်မာ စစ်ကောင်စီဘက်ကတော့ ၂ဝ၂၄ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဒုတိယအကြိမ် ထုချေလွှာကို တင်ပြရမှာပါ။

နှစ်နိုင်ငံ လျှောက်လဲချက်တင်ဖို့ တစ်နှစ်ကျော်လောက် အချိန်ထပ်တိုးပေးလိုက်တာကို ရိုဟင်ဂျာတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က စစ်ကောင်စီက အမှုကို အချိန်ဆွဲဖို့ ကြိုးစားနေပြီး ဒီကိစ္စက စိုးရိမ်စရာကောင်းတယ်လို့ ဝေဖန်ပါတယ်။

"တရားမျှတမှုနှောင့်နှေးနေလေလေ တရားမျှတမှု မရှိလေလေလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီလိုနှောင့်နေးနေတာဟာ စိုးရိမ်စရာကောင်းပါတယ်။ ရိုဟင်ဂျာတွေ အုံနဲ့ကျင်းနဲ့ သတ်ဖြတ်ခံရကတည်းက တရားမျှတမှုရဖို့ ဝိုင်းပြောဆိုလာကြတာ နှစ်တွေနဲ့ချီရှိနေတာတောင်မှ နိုင်ငံတကာတရားရုံး ICJ အနေနဲ့က ဒီအမှုကို မြန်မြန်မလုပ်ဘူးဆိုတာ စိတ်မကောင်းစွာတွေ့ရတယ်။ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အဖြေရဖို့ အချိန်အကြာကြီး တစ်နှစ်ပြီးတစ်နှစ်စောင့်နေရတာကို ရိုဟင်ဂျာတွေက တော်တော်စိတ်ပျက်နေကြပါတယ်။ ဒီတခေါက်ကတော့ နောက်ဆုံးနှောင့်နှေးတာဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်နေပါတယ်။ တရားရုံးအနေနဲ့ မြန်မာစစ်တပ်က ထပ်တိုးရက်တွေတောင်းလာတိုင်း ပေးနေတာကိုလည်း ရပ်ဖို့လိုပါမယ်။ ဘာလို့လဲဆို မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ သူတို့စွပ်စွဲခံရတာတွေကို အရေးတယူလုပ်ဖြေရှင်းတာ မရှိဘူးဆိုတာ အထင်အရှားပါ။ သူတို့မလုပ်ပါဘူးလို့ တချိန်လုံးငြင်းပြီး ICJ တရားရုံးမှာ အမှုကို မကြာကြာအောင် အချိန်ဆွဲဖို့ ကြိုးစားနေတာပါ"

ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အာဏာမသိမ်းခင် ၂ဝ၂ဝ ပြည့်နှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ ရုံးရှေ့တက်ရောက်ပြီး ထွက်ဆိုခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်တဲ့အဖွဲ့က ဖြေရှင်းနေတာပါ။

ဂမ်ဘီယာက စွဲထားတဲ့ ဒီအမှုကို လက်မခံဖို့ မြန်မာစစ်ကောင်စီဘက်က ကန့်ကွက်ခဲ့ပေမဲ့ အဲဒီကန့်ကွက်ချက်တွေကို ၂ဝ၂၂ ဇူလိုင်လထဲမှာ တရားရုံးက ပယ်ချပြီး အမှုဆက်လက်စစ်ဖို့ လက်ခံခဲ့တာပါ။

အဲဒီနောက် ထုချေလွှာတင်ဖို့ အမိန့်ချပေမဲ့ စစ်ကောင်စီဘက်က တစ်နှစ်ကျော်ကြာအောင် အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲနေခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာမှ မြန်မာနိုင်ငံရဲ့ ပထမဆုံး ထုချေလွှာကို တင်ခဲ့တာပါ။

အဲဒီ ထုချေလွှာကို တုံ့ပြန်ရန် အချိန် ခုနစ်လပေးဖို့ ဂမ်ဘီယာနိုင်ငံက တရားရုံးကို တင်ပြခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း ဂမ်ဘီယာက ထပ်တင်လာမဲ့ ဆုံးဖြတ်ချက်ကို ဒုတိယအကြိမ်ထုချေဖို့ နောက်ထပ်အချိန် ခုနစ်လပေးဖို့ လျှောက်ထားခဲ့တာကို တရားရုံးက အခုလို သဘောတူလိုက်တဲ့အတွက် ဒီအမှုဟာ နောက်ထပ်တစ်နှစ်ကျော်လောက် နှောင့်နှေးသွားမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ကျောင်းဆရာလူငယ် ရိုအေနာမုလ်ဆောင်းကတော့ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးအစီအစဉ်ကို ဟန်ပြပြီး ICJ ရဲ့ တရားစီရင်ရေးကို အချိန်ဆွဲနေတယ်လို့ ရှုမြင်ပါတယ်။

"အချိန်စွဲတာဟာ Pilot repatriation (ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး စမ်းသပ်အစီအစဉ်) အတွက် အချိန်ယူနေတာ၊ Pilot repatriation ကိုမဖြစ်ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတယ်။ Pilot repatriation ဖြစ်လာရင် ICJ လိုအမှုတွေမှာ ပြစ်မှုတွေ လျှော့လာမယ်လို့ သူတို့က ထင်နေကြတယ်"

သူပြောတဲ့ Pilot Repatriation ဆိုတာဟာ စစ်ကောင်စီ လုပ်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး ရှေ့ပြေးစမ်းသပ် အစီအစဉ်ဖြစ်ပါတယ်။ ပထမဆုံးအသုတ်အနေနဲ့ ရိုဟင်ဂျာတစ်ထောင်ကျော်ကို ပြန်ခေါ်ဖို့လုပ်ထားပေမဲ့ အခုထိ တစ်ယောက်မှရောက်မလာသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်စခန်းက နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ ICJ လို နိုင်ငံတကာ တရားရုံးတွေကနေ အမှုကို အခုထိစီရင်နိုင်ခြင်းမရှိသေးတာကြောင့် စိတ်ပျက်လာနေပြီလို့ပြောပါတယ်။

"သူတို့တွေကို အားကိုးပြီး အဖြေတစ်ခုခုထွက်လာမလား စောင့်ရင်းနဲ့ ခုနစ်နှစ်ရှိသွားပြီ၊ ကျွန်မတို့အခုနေရတဲ့ ဒုက္ခသည်စခန်းထဲမှာ ဘဝက တစ်နေ့တစ်ခြား ဆိုးလာတာပဲရှိတယ်"

ICJ တရားရုံးအနေနဲ့ ပြစ်မှုကျူးလွန်တဲ့ မြန်မာအစိုးရကို အမြန်ဆုံးအရေးယူဖို့လည်း သူကတောင်းဆိုပါတယ်။

"ကျွန်မတို့ဆုံးရှုံးခဲ့တာတွေ၊ ညီမတို့ မုဒိမ်းကျင့်ခံခဲ့ရတာတွေအတွက် အကုန်လုံးကို အမြန်ဆုံး မြန်မာအစိုးရကို အရေးယူဖို့ တောင်းဆိုချင်တယ်။ ညီမတို့ အမြန်ဆုံး ကိုယ်နေခဲ့တဲ့နေရာကို ပြန်ချင်တယ်။ ပြန်ချင်တယ်ဆိုတာထက် အခုအတောင်ပံရှိရင် အခုပြန်ချင်တယ်"

နိုင်ငံတကာတရားရုံး ICJ က လျှောက်လဲချက်ပေးဖို့ ရက်ထပ်တိုးပေးလိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ဂမ်ဘီယာဘက်ကိုလည်း လတ်တလော ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ တရားမျှတမှုရဖို့ ကျူးလွန်သူတွေကို အရေးယူဖို့လိုပြီး NUG အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောပါတယ်။

"နိုင်ငံတကာ တရားစီရင်ရေးတွေမှာ ကျွန်တော်တို့ NUG အနေနဲ့ အပြည့်အဝ ပူးပေါင်းမယ်လို့ ပြောထားတာရှိပါတယ်။ အဲဒီအတိုင်းပဲ NUG က ပူးပေါင်းဖို့ အသင့်ပဲ၊ နိုင်ငံတကာ တရားစီရင်ရေးတွေကလည်း အချိန်မဆိုင်းဘဲ ဘာလို့လဲဆို တရားမျှတမှုရယူဖို့ ကြန့်ကြာလေ တစ်ဖက်မှာ ကျူးလွန်သူတွေက ရဲတင်းလေပဲ၊ အဲဒီအတွက်ကြောင့် တတ်နိုင်သမျှ တိုတောင်းတဲ့အချိန်လေးမှာ တကယ်ကျူးလွန်သူတွေကို အရေးယူဖို့ ကျွန်တော်တို့ လိုလားပါတယ်"

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူတွေကို နိုင်ငံတကာမှာသာမက လက်ရှိနွေဦးတော်လှန်ရေး ပြီးသွားတဲ့အခါမှာလည်း ပြည်တွင်းမှာပါ အရေးယူနိုင်ဖို့လုပ်နေတယ်လို့ သူကပြောပါတယ်။

ICJ တရားရုံးကတော့ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံ ဒုတိယအကြိမ်တင်ပြလာမဲ့ နှစ်နိုင်ငံအပြန်အလှန်လျှောက်လဲချက်တွေကိုကြည့်ပြီး တရားစီရင်ဖို့ ဆက်လက်ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအမှုသဘောသဘာဝအရ နှစ်ပေါင်းများစွာကြန့်ကြာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။