ဖားကန့်မှာ ဓာတ်ဆီတစ်ဂါလံ နှစ်သောင်းကျပ်ထိ စျေးမြင့်တက်

2021.04.30
ဖားကန့်မှာ ဓာတ်ဆီတစ်ဂါလံ နှစ်သောင်းကျပ်ထိ စျေးမြင့်တက် ကချင်ပြည်နယ်၊ ဖားကန့်မြို့က ဆီဆိုင်တစ်ခုမှာ ကြိတ်ကြိတ်တိုးပြီး ဆီဝယ်နေသူတွေကို တွေ့ရစဉ်
Photo: Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လောင်စာဆီစျေးနှုန်း ချက်ချင်းမြင့်တက်နေပြီး ဓာတ်ဆီ တစ်ဂါလံကို နှစ်သောင်းကျပ်အထိ စျေးနှုန်းမြင့်တက်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဓာတ်ဆီရော၊ ဒီဇယ်ရော စျေးတွေ တအားတက်နေပါတယ်။ မနေ့ကဆို ဆီဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုး ဆီဝယ်ကြတာ။ ပိုက်ဆံရှိလို့တော့ မဟုတ်ကြပါဘူး။ ဆီစျေးက ဒီထက် ပိုတက်သွားရင် နောက်ဝယ်မရတော့မှာကို စိုးရိမ်နေကြတာပါ။"

ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီ (၂၇) ရက်နေ့ကနေစပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ စတဲ့ လောင်စာဆီစျေးနှုန်းဟာ တဖြည်းဖြည်း ပိုတိုးပြီး မြင့်တက်လာရင်းကနေ ဒီနေ့ ဧပြီ (၃၀) ရက်နေ့မှာတော့ တစ်ဂါလံကို နှစ်သောင်းကျပ်အထိ စျေးခုန်တက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ရုတ်တရက် ဖားကန့်ဒေသမှာ လောင်စာဆီစျေးတွေ အဆမတန် တက်ရခြင်းဟာ အရင်ကထက် ဖားကန့်ဒေသကို လောင်စာဆီတွေ သယ်ပို့ရတာ ပိုခက်ခဲနေတာကတစ်ကြောင်း၊ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေတာကြောင့်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ဖားကန့်မှော်ဒေသမှာရှိတဲ့ လောင်စာဆီဆိုင် အများစုဟာ ဖွင့်ထားခြင်း မရှိတော့ဘဲ ပိတ်ထားတာကို တွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတချို့က ပြောပါတယ်။

ဖားကန့်မှော်ဒေသဟာ ကချင်ပြည်နယ်တွင်းမှာ လောင်စာဆီ အများဆုံး အသုံးပြုတဲ့‌ဒေသတစ်ခုဖြစ်ပြီး တောင်ကုန်းတောင်တန်းပေါ်ကနေ ဆိုးဝါးလှတဲ့ လမ်းကြမ်းများကို ဖြတ်သန်းကာ သီးခြားသွားရတဲ့ ကျောက်စိမ်းသယံဇာတထွက်ရှိရာ ရတနာမှော်ဒေသဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။