မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် ညီလာခံစတင်ကျင်းပ


2014.11.29
ftum-conference-305.jpg မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကျင်းပစဉ်
Photo: Thiha Tun, Kyaw Lwin Oo/RFA

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို ရန်ကုန် တောင်ဒဂုံ မြို့နယ်ခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

အဲဒီအခမ်းအနားမှာ FTUM အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က အလုပ်သမားတွေအနေနဲ့ လူ့အခွင့် အရေးရဲ့ အခြေခံမူတွေကိုဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်မှာ အလုပ်ရှင်နဲ့ အလုပ်သမား ပြေလည်မှု ရရှိရေး၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ရရှိရေး စတဲ့အချက်တွေကို ညီလာခံက ထုတ်ပြန်သွားမယ် လို့ ပြောပါတယ်။

"လူ့အခွင့်အရေးရဲ့ အခြေခံတွေကို အလုပ်သမား များ အနေနဲ့ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်မှာ အလုပ်ရှင် နဲ့ အလုပ်သမား ကောင်းမွန်စွာ ဆက်ဆံရေး၊ ဒီမိုကရေစီကို ကျင့်ကြံနိုင်ရေး၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်၊ စုပေါင်းညှိနှိုင်းအရေးဆိုခွင့်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ အဓမ္မခိုင်းစေမှု ပပျောက်ရေး၊ ကလေးသူငယ်လုပ်အား ပပျောက်ရေး စသဖြင့်ပေါ့၊ ဒါတွေကို ကျနော်တို့အနေနဲ့ အထူး အရေးပေးဆွေးနွေးပါတယ်၊ ကျနော်တို့တိုင်းပြည်မှာ အခုလက်ရှိဖြစ်ထွန်းဆောင်ရွက်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိစ္စ စသည်တို့ကို ကျနော်တို့အနေ နဲ့ ဆွေးနွေးခဲ့ပါတယ်"

အခု ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM က အလုပ်ရှင်နဲ့ အလုပ်သမားကြား က ပြဿနာ ၃၄ ခုကို ညှိုနှိုင်းဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

FTUM အဖွဲ့ဟာ ၁၉၉၁ ခုနှစ်လောက်ကတည်းက ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး အလုပ်သမား အရေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်မှာ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းပေါင်း ခြောက်ရာကျော်ကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း FTUM အဖွဲ့ဝင်အင်အား လေးသောင်းကျော်ရှိကြောင်း သိရပါတယ်။

ဒီနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်၊ ITUC-AP အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (အာရှနဲ့ပစိဖိတ်ဒေသ) စတဲ့အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက် ခဲ့ကြပါတယ်။

FTUM အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။