မီဇိုရမ်းပြည်နယ်ရောက် မြန်မာလူဦးရေ သန်းခေါင်စာရင်းကောက်ယူ
2010.12.17

ဒီနှစ်အတွင်း မီဇိုးရမ်းပြည်နယ်မှာ ရာဇဝတ်မှုတွေ တိုးပွားလာရတာဟာ အဓိကအားဖြင့် ပြည်နယ်အတွင်း တရားမဝင် နေထိုင်ကြတဲ့ မြန်မာပြည်သားတွေကြောင့်ဆိုပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး ရှရီ (M M Laskhera) က အဲဒီလို သန်းခေါင်စာရင်း ကောက်ယူဖို့ ပြောဆိုခဲ့တာပါ ။
အဲဒါကြောင့် မီဇိုရမ်းပြည်နယ် မြို့တော် အိုက်ဇော်မြို့က ရပ်ကွက်လူငယ်တွေမှာ ပထမဆုံးအနေနဲ့ တအိမ်တက်ဆင်း တရားမဝင် မြန်မာပြည်သား စာရင်းကို ကောက်ခံနေတယ်လို့ ပြည်နယ် မြို့တော် အိုက်ဇော်လ်မြို့က မြန်မာယက္ကန်း အလုပ်သမားတဦးက ပြောပါတယ်။
“ဗမာပြည်သားတွေ စာရင်းတော့ ကောက်တာ ဟုတ်တယ်လေ၊ အဲဒါ ခုလောလောဆယ် အခြေအနေ ထူးခြားမှု ဆိုတာကတော့ ဒီနေ့ထိပေါ့ဗျာ၊ စာရင်းလာကောက်တဲ့ လူတွေ အဲလိုမျိုး ရာဇဝတ်မှုနဲ့ ပတ်သက်လို့ များလို့မို့ စာရင်းလာကောက်ယူရခြင်း ဖြစ်တယ် ဆိုတာမျိုးတော့ အဲဒီဟာ လိုက်လုပ်တာပါ။ တလောလေးကတော့ တော်တော် ဖြစ်တယ်လေ။ ဟို မုဒိန်းမှုတို့ ပြီးခဲ့တဲ့ အရက်ကိစ္စတွေ ဘာတွေ ညာတွေကတော့ ခဏခဏ အဲလို မိလိုက် လွတ်လိုက်နဲ့ ထူးခြားတာကတော့ နံပါတ်ဖိုး မိမယ်၊ မုဒိန်းမှု ဖြစ်တယ်ဆိုရင်တော့ ကျွန်တော်တို့ပါ ဂယက်လာရိုက်တာပေါ့နော်။”
ဒီလအတွင်းမှာပဲ မြန်မာပြည်သား တဦးကနေ ဒေသခံ မီဇိုး မိန်းကလေးတဦးကို အဓမ္မပြုကျင့်တာ ၊ မြန်မာပြည်သား နှစ်ဦးဆီကနေ ဘိန်းဖြူတွေ ဖမ်းဆီးမိတာနဲ့ မြန်မာပြည်သား အမျိုးသမီးတဦးက ခင်ပွန်းဖြစ်သူကို သတ်ပစ်တာ စတဲ့ ရာဇဝတ်မှုတွေဟာ မီဇိုရမ်းပြည်နယ် မီဒီယာတွေမှာ အထင်ကရ ဖော်ပြခဲ့ကြပါတယ်။
အိန္ဒိယပိုင် မီဇိုရမ်းပြည်နယ်ဟာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်တဲ့အတွက် နယ်နိမိတ်ချင်း ထိစပ်ပြီး ဘာသာစကားလည်း သိပ်မကွာ ၊ ခရစ်ယာန်ဘာသာ ကိုးကွယ်တာ တူညီပြီး ၊ ယဉ်ကျေးမှုနဲ့ လူမျိုးအနွယ်တွေပါ တူညီကြတဲ့ ချင်းပြည်နယ်က လူထောင်ပေါင်းများစွာ တရားမဝင် နေထိုင်ကြပါတယ်။
ဒါအပြင် မီဇိုရမ်းပြည်နယ်အတွင်းကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တဲ့အတွက် မုံရွာ၊ အမရပူရ ၊ ရွှေဘို စတဲ့ ဒေသတွေက မြန်မာယက္ကန်းသမားတွေ အများအပြားလည်း တရားမဝင် အလုပ်လုပ်ကိုင်နေကြပါတယ်။