ကြိုတင်မဲပေးရာမှာ အာဏာပိုင်များနှင့် ကြံ့ခိုင်ရေးပါတီ မသမာမှုများရှိနေ
2010.11.04

ပုသိမ်ဆရာ အတတ်သင်ကျောင်းမှာ စုစုပေါင်း သင်တန်းသား ၇၀၀ ကျော် ရှိပြီး အားလုံးကို ပြောင်မဲပေးစနစ်နဲ့ပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးခိုင်းခဲ့တယ်လို့ ပုသိမ် ဆရာအတတ်သင်ကျောင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီကြိုတင်မဲပေးတာကို ဆရာအတတ်သင်ကျောင်း မပိတ်မီ ၂ ရက်အလိုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းကိုတော့ ဒီကနေ့ ၄ ရက်နေ့မှာပဲ ပိတ်ထားလိုက်ပြီ ဖြစ်ပြီး ဒီကနေ့ ညနေ ၃ နာရီလောက်မှာ သင်တန်းသား ဆရာဆရာမတွေ အားလုံး ပြန်ကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေထုတ်ချေးပြီး ကြိုတင်မဲတွေ တောင်းသွားသလို၊ တချို့နေရာတွေမှာ ဆန္ဒပြုပြီးသားမဲကို ထည့်ခိုင်းတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဇလိင်းတောင်နဲ့ ဝပြန်ကျေးရွာ၊ ရှမ်းရွာရပ်ကွက် တွေမှာ ကောက်ခံသွားတာလို့ သိရပါတယ်။
နိုဝင်ဘာလ ၂ ရက် နေ့က ရှမ်းရွာ ရပ်ကွက်မှာ ကြိုတင်မဲ ကောက်ယူပုံကို ကျောက်တော်မြို့ခံတဦးက RFA ကို အခုလို ပြောပါတယ်။
လွှတ်တော် သုံးရပ်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ကတော့ ကိုယ့်ဖာသာ ဆန္ဒပြုနိုင်ပေမဲ့ ပြည်နယ်လွှတ်တော်ဆိုတဲ့ မဲရွက်မှာတော့ ဆန္ဒပြုပြီးသား ပါနေတယ်လို့ ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဲဒီတဝိုက် ရွာတွေအတွက် လောလောဆယ် သိန်း ၂၅၀ ထုတ်ချေးဖို့ စီစဉ်ထားပြီး၊ ချေးတဲ့ငွေကို အတိုးနှုန်း သတ်မှတ်ထားသလို ဒီငွေကို ၂၀၁၁ ခု မတ်လ ၃၁ ရက် နောက်ဆုံး ပြန်ဆပ်ရမယ်လို့ ဆိုပါတယ်။
ဒီလို ချေးငွေပေးပြီး ကြိုတင်မဲယူတဲ့ကိစ္စကို မနေ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ ဇလိင်းတောင်နဲ့ ဝပြန်ကျေးရွာမှာ လုပ်ဆောင်ခဲ့ပြီး ကြိုတင်မဲ ၁၁၀ ရရှိသွားတယ် စောစောကပုဂ္ဂိုလ်က ပြောပါတယ်။
နောက်ဖြစ်ရပ်တခုက အပေါက်ဝရွာ အထက ကျောင်းဆရာတဦးက ဆရာအာဏာသုံးပြီး ကျောင်းသူ ကျောင်းသားတွေကို သူတို့မိသားစုတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဖြစ်မနေ မဲထည့်ဖို့ပြောတယ်လို့ ဆိုပါတယ်။ ကျားနက်ကန်ကျေးရွာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆန္ဒမဲ အတင်းအကျပ် ကောက်ခံသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကျောက်တော်မြို့ပေါ်မှာ အာဏာပိုင်တွေနဲ့ အဆင်မပြေတဲ့ မြို့ခံတချို့ မဲပေးနိုင်သူ လူဦးရေ စာရင်းထဲမှာ မပါဝင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
အလားတူပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တနင်္သာရီတိုင်းမှာ ဥပဒေနဲ့ ဆန့်ကျင်ပြီး ကြိုတင်မဲတွေ ဖိအားပေး ကောက်ယူ နေတဲ့အပေါ် တိုင်းရင်းသာ းစည်းလုံညီညွတ်ရေးပါတီက ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းက မြို့နယ်လေးခုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲတွေ ဖိအားပေး ကောက်ယူနေတဲ့အကြောင်း ဒေသခံ ပါတီဝင်တွေထံက တိုင်ကြားချက် ရရှိပြီးနောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားလိုက်တာ ဖြစ်တယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးသိန်းထွန်းက ပြောဆိုကြောင်း ဂျာမန် ဒီပီအေ သတင်းတရပ်မှာ ဖော်ပြပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ သူ့ရဲ့အဓိက မိတ်ဖက်ပါတီလို့ လူသိများတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်ကြားတာဟာ အခုအမှုက ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။