ကန့်ဘလူမြို့ ပေလည်ရွာသား လေးယောက် လက်နက်ကြီးကြောင့် သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေလည်ရွာကို ဖေဖော်ဝါရီ ၁၉ ရက် မနေ့က စစ်ကောင်စီ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာသား လေးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
လက်နက်ကြီးနဲ့ အချက် သုံးဆယ်လောက်ပစ်ခတ်ခဲ့ရာ မိသားစု လေးယောက်ရှိနေတဲ့ အိမ်တစ်လုံးပေါ်ကျပြီး လေးယောက်လုံး သေသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။
"အပြန်အလှန်တိုက်ပွဲလည်း မရှိဘူး၊ ရွာက PDF လည်း မရှိဘူး၊ ဘာလို့လုပ်လဲကို မသိဘူး၊ လက်နက်ကြီးတွေနဲ့ ထု၊ ရွာအပြင်ထွက်ပြေးတဲ့သူတွေကိုလည်း ပစ်တယ်။ တကယ် ရက်ရက်စက်စက်ကို လုပ်တာပါ၊ တချို့လည်း ထွက်ပြေးတာလွတ်တယ်။ တချို့လည်း မလွတ်ကြဘူး၊ အခုထိ ရွာကို ပြန်မကပ်ရဲကြသေးဘူး၊ ပျောက်နေတဲ့သူ တွေလည်း အများကြီးပဲ၊ ရွာထဲက ထွန်စက်တွေ၊ ဆိုင်ကယ်တွေကစ သူတို့သယ် သွားကြတယ်"
အသက် (၅၀) အရွယ် ဒေါ်သန်းနွယ်၊ (၂၃) နှစ်ရှိ မသက်ဖူးဝေ၊ (၂၈) နှစ်အရွယ် ကိုချမ်းငြိမ်းအောင်နဲ့ ကိုဟိန်းကိုဦး (၁၈) နှစ်တို့ သေဆုံးခဲ့ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သား ၁၀၀ ခန့်နဲ့ ပျူစောထီး ၁၀၀ လောက်ဟာ အဲဒီရွာထဲဝင်ပြီး တပ်စွဲ ထားကြတယ်လို့ ဆိုပါတယ်။ ပေလည်ရွာဟာ အိမ်ခြေ ၉၀ လောက်ရှိပြီး လူဦးရေ ၄၀၀ ဝန်းကျင်ရှိကာ ထွက်မပြေးနိုင်သူ တချို့ကို ဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲက အိမ်တချို့လည်း လက်နက်ကြီးထိမှန်လို့ ပျက်စီးတာတွေရှိတယ်ဆိုပေမယ့် ရွာသားတွေ ထွက်ပြေးနေကြရလို့ အိမ်ဘယ်လောက် ပျက်စီးခဲ့တယ်ဆိုတာ မသိနိုင် သေးဘူးလို့လည်း ပြောပါတယ်။
ပေလည်ရွာဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေ ပါတယ်။