ပုလဲ ဇီးဖြူကုန်းရွာတိုက်ပွဲ ရွာသား လေးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာမှာ ဖေဖော်ဝါရီလ ၁၄ ရက် ည ၁၂ နာရီခွဲလောက် က ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသား လေးဦး မီးလောင်သေဆုံးပြီး နေအိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၄၁ နှစ်အရွယ် ဦးဖိုးညို၊ အသက် ၆၅ နှစ်အရွယ် ဦးလှရွှေ၊ အသက် ၆၆ နှစ်အရွယ် ဦးသန်းဆွေနဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်တင်စုတို့ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက် မနေ့က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ PDF ပူးပေါင်းအဖွဲ့တွေ ရွာကိုဝင်တိုက်ပြီး မီးရှို့ခဲ့ကြတာလို့ စွပ်စွဲထားပါတယ်။
အဲဒီတိုက်ပွဲဟာ အချိန်နာရီဝက်ကျော်လောက်ကြာမြင့်ခဲ့ပြီး PDF အဖွဲ့တွေရဲ့ လက်လုပ် တူမီးသေနတ် တစ်လက်၊ လက်လုပ်ပစ္စတို နှစ်လက်၊ ၄၀ မမ လက်လုပ်ဗုံးသီး ၁၃ လုံးနဲ့ ကျည်ဆန်အချို့ကို ရွာပတ်လမ်းမှာ သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း စစ်တပ်က ပျူစောထီးတွေကို စစ်သင်တန်းပေး နေတာကြောင့် အဲဒီရွာကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ခန့်ကစပြီး စစ်ကောင်စီဘက်က ပြည်သူ့စစ်အမည်ခံ ပျူစောထီးသင်တန်း ကို အင်မထီးနဲ့ ဇီဖြူကုန်းရွာတွေမှာ လုပ်ဆောင်နေပြီး တပ်ထောက်ခံတဲ့ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခုလဆန်းပိုင်းကစပြီး ပုလဲမြို့နယ်ထဲကို နေ့စဉ်နီးပါး စစ်ကြောင်းထိုး တိုက်ခိုက်နေသလို ရွာတွေထဲဝင်ရောက် မီးရှို့တာတွေကြောင့် အင်မထီးနဲ့ ဇီးဖြူကုန်းရွာရဲ့ အနီးအနားက ရွာလေးရွာမှာ နေအိမ် ၁၀၀၀ ကျော် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောဆိုထားပါတယ်။