ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှု ကျူးလွန်နေကြောင်း မြန်မာ အစိုးရကို စွပ်စွဲ
2014.02.25

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အစိုးရမူဝါဒတွေ ချမှတ်ကန့်သတ်ထားတဲ့ အတွက် မြန်မာအစိုးရဟာ လူသားထုတစ်ရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု crime against humanity ကျူးလွန်နေတာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် Fortify Rights အဖွဲ့က ဒီကနေ့ စွပ်စွဲလိုက်ပါတယ်။
ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ "ဖိနှပ်ရေး မူဝါဒများ" လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ အခုလို စွပ်စွဲ လိုက်တာဖြစ်ပြီး မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေရဲ့ အခြေခံ လူ့အခွင့်ရေးတွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးတဲ့မူဝါဒတွေချမှတ် ကန့်သတ် ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အခုအစီရင်ခံစာ ထုတ်ပြန်တဲ့အဖွဲ့ဟာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်တဲ့အတွက် ဒီစွပ်စွဲချက်တွေကို မြန်မာအစိုးရ အနေနဲ့ လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
"Fortify Rights အဖွဲ့ရဲ့ အရင်ထုတ်ပြန်ခဲ့တဲ့ အချက်တွေကိုလည်း ကျနော်တို့ လေ့လာဖူးပါတယ်၊ အဖွဲ့ဟာ တကယ်တန်းကျတော့ ဘင်္ဂါလီတွေအတွက် Lobby လုပ်ပေးဖို့သက်သက်ပဲ ဖွဲ့ထားတဲ့ အဖွဲ့မျိုးပါပဲ၊ သူတို့ရဲ့ကြေညာချက်တွေပဲဖြစ်ဖြစ်၊ အစီရင်ခံစာတွေပဲဖြစ်ဖြစ် ရတဲ့သတင်းအချက် အလက်အားလုံးဟာ ဒီဘင်္ဂါလီတွေ ပြောတဲ့စကားကိုပဲ မူတည်ပြီးတော့ ရေးထားတာ ဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီအစီရင်ခံစာကလည်း အဲဒီအတိုင်းပါပဲ၊ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ သူတို့ရဲ့ရေးထားချက်တွေကို လက်မခံသလို၊ အကြံပြုချက်တွေကိုလည်း အလေးထားပြီး စဉ်းစားမှာ မဟုတ်ပါဘူး"
ဒီအစီရင်ခံစာမှာ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ တစ်အိမ်ထောင် ကလေး ၂ ဦးသာ မွေးဖွားခွင့်ပြုတဲ့မူဝါဒ၊ အလိုဆန္ဒမပါဘဲ အတင်းအကြပ် ကလေးမွေးနှုန်းကန့်သတ်မှု၊ အိမ်ထောင်ပြုခြင်းကို ကန့်သတ်မှု၊ ခရီးသွားလာခွင့် ကန့်သတ်မှုနဲ့ သွားလာနေထိုင်မှုကို စောင့်ကြည့်စိစစ်နေတာတွေကို အခန်းလိုက်ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာမှာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ် စစ်အစိုးရလက်ထက်အထိ ပြဌာန်းခဲ့တဲ့ ဒေသန္တရအုပ်ချုပ်ရေး အမိန့်နဲ့ ပြန်တမ်း ၈ ခု ကို အထောက်အထားအဖြစ် ဖော်ပြထားပြီး လက်ရှိအစိုးရလက်ထက်မှာ ပြဌာန်း ခဲ့တဲ့ ဒေသဆိုင်ရာအမိန့် ၄ ခုကိုတော့ လုံခြုံရေးအရ ပူးတွဲထည့်သွင်းမထားဘူးလို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။