နိုင်ငံခြားငွေလဲလုပ်ငန်းနှစ်ခုကို စစ်ကောင်စီ အရေးယူ

RFA Burmese
2024.05.06
နိုင်ငံခြားငွေလဲလုပ်ငန်းနှစ်ခုကို စစ်ကောင်စီ အရေးယူ ရန်ကုန်မြို့လယ်ရှိ ငွေလဲစင်တာတစ်ခုအား ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
RFA

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို မလိုက်နာလို့ဆိုပြီး နိုင်ငံခြားငွေလဲလုပ်ငန်းနှစ်ခုကို လိုင်စင်ခြောက်လ ဆိုင်းငံ့လိုက်ကြောင်း စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံခြားငွေလဲလုပ်ငန်းတွေဖြစ်တဲ့ Money King Co., Ltd. နဲ့ Wakhema Trading Co., Ltd. တို့ကို လုပ်ကိုင်ခွင့် ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။ လိုင်စင် ဆိုင်းငံ့ခံရတဲ့ ကုမ္ပဏီတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် စက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ ဒီလို အရေးယူလာတာဟာ နိုင်ငံခြားငွေတွေက ဘဏ်တွေဆီ မရောက်တော့ဘဲ ပြင်ပဈေးကွက်မှာသာ လဲလှယ်နေတာကို ထိန်းချုပ်ဖို့အတွက် လုပ်ဆောင်လာတာလို့ ပြောပါတယ်။

“အဓိက အပြင်မှာ ပြန့်ကျဲနေတဲ့ နိုင်ငံခြားငွေတွေကို ထိန်းချုပ်ချင်တာဖြစ်မယ်။ အခုနောက်ပိုင်းက နိုင်ငံခြားငွေတွေက ဘဏ်ကို မသွားတော့ဘူး အပြင်က ငွေလဲလုပ်ငန်းတွေကို သွားနေတာဆိုတော့။ ဒေါ်လာလိုချင်တောင် ငွေလဲတွေဆီက ဝယ်လာကြတာ များတယ်လေ"

မေလ ၆ ရက် ဒီနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ၃၉၆၀ ကျပ်အထိ မြင့်တက်နေတာပါ။

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပြီးနောက် နိုင်ငံခြားငွေ လဲလှယ်ရောင်းချရေးလုပ်ငန်းတွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဆက်တိုက်အရေးယူမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်းမှာလည်း နိုင်ငံခြားငွေလဲလိုင်စင်ရကုမ္ပဏီ ၃၁ ခုကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်ပိတ်တာနဲ့ ယာယီရပ်ဆိုင်းတာတွေ လုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။