လယ်ယာစိုက်ပျိုးရေးကဏ္ဍ မှာ နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံဖို့စီစဉ်


2013.02.25
rice_paddy_field_305_z.png စပါးနှံများ ရင့်မှည့်နေသော လယ်ကွင်းတခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဂျပန်၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက စိုက်ပျိုးရေး နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြဖို့ စီစဉ်ပြင်ဆင်နေကြကြောင်း ဖိလစ်ပိုင် သတင်းမီဒီယာတစ်ခုက ဖော်ပြပါတယ်။

ဂျပန် မစ်ဆူအီကုမ္ပဏီနဲ့ ဗီယက်နမ် ဗီနာကက်ပီတယ် ကုမ္ပဏီတို့ဟာ မြန်မာ့စိုက်ပျိုးရေး တိုးတက်ဖွံ့ဖြိုးရေးမှာ အတူတူပူပေါင်းဆောင်ရွက်ကြဖို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ကော်ပိုရေးရှင်းလီမိတက်နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းတွေနဲ့ နေပြည်တော်မှာ အစားအစာ ထုတ်လုပ်ရေးစက်ရုံတွေ ပူးတွဲတည်ဆောက်ကြမှာဖြစ်ကြောင်း သိရပါတယ်။

မစ်ဆူအီကုမ္ပဏီဟာ ဆန်စပါးကြိတ်ခွဲ သန့်စင်ရေးစက်ရုံတွေ တည်ဆောက်ဖို့လည်း ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

တောင်ကိုရီးယား ဒေဝူးကုမ္ပဏီနဲ့ မြန်မာနိုင်ငံကြားမှာ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လောလောဆယ် သဘော တူညီချက် မရသေးပေမယ့် ဒီနှစ်အတွင်း အကောင်အထည်ပေါ်လာဖို့ရှိတယ်လို့ မျှော်လင့်ရပါတယ်။

လယ်ယာကဏ္ဍမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု နည်းပါးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ တောင်သူ လယ်သမား များ အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက-ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံရခြင်းဟာ မတူးခင် ကုန်ကျ စရိတ်ကြီး ပေမယ့် တူးပြီဆိုတာနဲ့ အကျိုးအမြတ်ကြီးမားကြောင်း၊ တခြားစီးပွားရေးတွေလည်း ဒီလိုပဲဖြစ်ကြောင်း၊ လယ်ယာ ကဏ္ဍ ကတော့ ရာသီဥတုကြောင့် ပျက်စီးတာက နှစ်နှစ်နဲ့ သုံးနှစ်ကြား ဖြစ်တတ်ကြောင်း၊ ရာသီဥတု မပျက်ဘဲ အားလုံး အဆင်ပြေတယ်ဆိုပေမယ့်လည်း ကမ္ဘာ့ဆန်ဈေးက ကျတော့ အရှုံးပေါ်ရကြောင်း၊ တခြား အခက်အခဲ အမျိုးမျိုး နဲ့လည်းကြုံရကြောင်း ပြောဆိုပါတယ်။

၂၀၁၂ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံလယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စုစုပေါင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏရဲ့ ဝ.၄၄ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။