တောင်ကိုရီးယားမှာ နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးရင် အရေးယူမယ်လို့ စစ်ကောင်စီသံရုံးပြော

[Update: 9:24 PM, Feb 27, 2025]

တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ မြန်မာတွေအနေနဲ့ နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံး အတုတွေနဲ့ သက်တမ်းတိုးထားတာတွေ့ရင် ထိထိရောက်ရောက် အရေးယူမယ်လို့ တောင်ကိုရီးယားနိုင်ငံ မြန်မာစစ်ကောင်စီ သံရုံးက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက သူ့တို့နိုင်ငံထဲရောက်နေတဲ့ ပြည်ပနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေရဲ့ တရားဝင်မှုကို စစ်ဆေးနေပြီး မြန်မာနိုင်ငံသားတချို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း တရားဝင်သက်တမ်းတိုးထားတာ ရှိ၊ မရှိ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းတာရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေကို မြန်မာသံရုံးက စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတချို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတုတွေနဲ့ သက်တမ်းတိုးထားတာကို တွေ့ရတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အရေးယူမခံရဖို့ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးတဲ့အခါ တရားဝင်နည်းလမ်းနဲ့ သက်တမ်းတိုးဖို့ စစ်ကောင်စီသံရုံးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးထားတဲ့ သူတွေအပေါ် သက်ရောက်လာနိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံရောက် ဒယ်ဂူးဆရာတော် ဦးဝိသုတ က RFA ကို မိန့်ကြားပါတယ်။

“NUG က ထုတ်ပေးထားတာတွေကို အဓိကထားချင်တာပါ သူတို့က အာဏာသိမ်းအစိုးရဆိုတော့ တခြားဘယ် အဖွဲ့အစည်းကိုမှ အသိအမှတ်မပြုချင်ဘူးလေ။ စစ်ကောင်စီသံရုံးမှာ သက်တမ်းတိုးရင်တော့ အန္တရာယ်မရှိဘူးပေါ့။ NUG ရုံးမှာ တိုးထားတဲ့သူတွေအတွက် အခက်အခဲရှိနိုင်တယ်”

မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ NUG တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံး စီမံရေးရာတာဝန်ခံ ဦးဝင်းပေါ်မောင်က အခုလိုပြောပါတယ်။

“လူအများ ထင်ယောင်ထင်မှား ဖြစ်အောင် ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ ပွဲစားတွေ တရားမဝင်လုပ်တဲ့ ကိစ္စကိုတော့ ဥပဒေနဲ့ မညီတာမို့ NUG က အားမပေးပါဘူး။ NUG က သက်တမ်းတိုးပေးတယ်ဆိုတာ NUG ရဲ့ တရားဝင် တုံးနဲ့ အမည်နဲ့ တိုးပေးတာဖြစ်လို့ အတုအပလည်းမဟုတ်သလို၊ တရားမဝင် လုပ်တာလည်း မဟုတ်ပါဘူး။ တရားဝင်လုပ်ထားတာမို့ NUG တုံးထုထားသူတွေ ကိုရီးယားမှာ စိတ်ချလက်ချ နေနိုင်ပါတယ်။ ဘာအရေးယူမှုမှ ရှိမှာမဟုတ်ကြောင်း ကိုရီးယားဘက်က ပြောထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆက်မလုပ်တာက တစ်ပိုင်းပါ။ ဒါလည်း နှစ်ဖက်သဘောတူ ရပ်ဆိုင်းထားတာပါ။ တုံးထုပြီးသားတွေကို လက်ခံထားပြီး ဖြစ်ပါတယ်။ ပြန်လည်ပယ်ဖျက်တာမရှိပါဘူး”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တောင်ကိုရီးယားအခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ အခက်အခဲရှိနေတဲ့သူတွေကို စစ်ကောင်စီသံရုံးနဲ့ အပြိုင် သက်တမ်းတိုးပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ NUG ရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာကို တောင်ကိုရီးယားအစိုးရက လက်မခံတော့တဲ့အကြာင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။ ။ ဤသတင်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးတာဝန်ခံ၏ တုံ့ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)