ရသေ့တောင်နဲ့ စစ်တွေမှာ အခြေခံ စားသောက်ကုန်စျေးနှုန်း ဆက်လက် မြင့်တက်နေ
2024.01.08

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း ဆက်လက် မြင့်တက်နေပြီး အခြေခံ လက်လုပ်လက်စား မိသားစုတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရသေ့တောင်မြို့မှာ တိုက်ပွဲမဖြစ်ခင် ငရုတ်သီးခြောက် တစ်ပိဿာကို ကျပ်သုံးသောင်းခွဲခန့်ရှိရာနေ လက်ရှိ ကျပ်ခုနစ်သောင်းခွဲခန့်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ်နှစ်သောင်းခွဲခန့်နဲ့ စားသုံးဆီက အရင်တစ်ပိဿာကို ကျပ်ရှစ်ထောင်ဝန်းကျင်ရှိရာကနေ လက်ရှိ ကျပ်လေးသောင်းခန့်အထိ ရှိတယ်လို့ ဆိုပါတယ်။
ကြက်သွန်နီ တစ်ပိဿာ ကျပ်လေးသောင်းခန့်နဲ့ ကြက်သွန်ဖြူက ကျပ်ခြောက်သောင်းဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီ တစ်လီတာကို ကျပ်နှစ်သောင်းခွဲခန့်ရှိပြီး အဲဒီဈေးနှုန်းဟာ လက်ရှိ ဈေးအနည်းငယ် ပြန်ကျသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင် မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ငရုတ်သီးခြောက်ဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ပိဿာ တစ်သိန်းအထိ ဖြစ်သွားတယ်။ အခုက ဈေးပြန်ကျသွားတာ။ ဆန်ကတော့ စပါးပေါ်ပြီဆိုတော့ ဒီလောက် ဈေးမတက်ဘူး။ အခု စစ်တွေဘက်ကို သင်္ဘောနဲ့ ဆီတွေ ဘာတွေ ဝင်လာပြီလို့တော့ ကြားတယ်။ ဈေးကျရင် ကောင်းမယ်ပေါ့။ အခု မြို့ပေါ်မှာဆိုရင် စားရေးသောက်ရေး အခက်အခဲ ဖြစ်နေသူတွေ များတယ်လေ။ ကူညီရေးအဖွဲ့တွေက အလကား ဝေပေးတာတွေ ရှိတယ်။ ဒါတွေနဲ့ပဲ ရှေ့ဆက်နေရတာ”
ရသေ့တောင်မြို့ပေါ်မှာ လူဦးရေ နှစ်သောင်းခန့် နေထိုင်ပြီး လက်ရှိမှာ တိုက်ပွဲသတင်းကြောင့် မြို့ပေါ်လူဦးရေ တစ်ဝက်ကျော်လောက် နီးစပ်ရာ ရွာတွေဆီ တိမ်းရှောင်နေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ငရုတ်သီးစိမ်းတစ်တောင့်ကို ကျပ်တစ်ဆယ် ပေးဝယ်စားရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပြီး လက်ရှိမှာ ပြည်သူကနေ ပြည်သူကို ကူညီနေကြရတယ်လို့ စစ်တွေ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဈေးနည်းနည်းကျတော့ နည်းနည်း ခံသာသွားတဲ့ သဘောရှိတာပေါ့။ အလုပ်အကိုင် အခြေအနေအရဆိုရင် အခြေခံ လူတန်းစားတွေက အများကြီး ပိုအကျပ်အတည်း ဖြစ်တာပေါ့။ အခုက ဒီမှာက ဘယ်လိုဖြစ်နေလဲဆိုရင် တတ်နိုင်တဲ့သူက မတတ်နိုင်တဲ့သူကို ဝိုင်းကူညီပြီး ရပ်တည်လို့ရအောင် ကြိုးစားနေကြတာပဲ”
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီဟာ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် အခုလို အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။