FMI City ဆောက်လုပ်ရေး လုပ်သားဟောင်းတွေ ဆန္ဒပြ
2012.08.17
ဆန္ဒပြပွဲမှာ အလုပ်သမား အယောက် (၇၀) ကျော်ပါဝင်ပြီး အချက် ၅ ချက် တောင်းဆိုတယ်လို့ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးက RFA ကိုပြောပါတယ်။
"အချက် ၄ မှာ သူတို့ ဘာရေးထားသလဲဆိုရင် ယခုအခါ ပဒေသာပင်မြို့တော်သည် ထည်ဝါခန့်ငြား စည်ပင်သော အိမ်ရာကြီးအဖြစ် ဖြစ်ထွန်းချိန်တွင် ကျွန်တော် ကျွန်မ၏ အလုပ်သမား စံပြနေအိမ်စုကြီးမှာ မီးမရှိ ရေမရှိ တဲစုတ်များအနေဖြင့် နုံချာစွာ နေရတဲ့ အပြင် FMI ကုမ္ပဏီမှ လုပ်ငန်းရှင်တွေရယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့ပေါ့နော်၊ သူတို့ တရားစွဲခံနေရတယ်။ ဒီအပေါ်မှာ သူတို့က မကျေနပ်ဘူး"
ဒီအလုပ်သမားတွေဟာ FMI City ပဒေသာပင်မြို့တော် တည်ဆောင်ခဲ့ရာမှာ ပန်းရံ၊ လက်သမား၊ အုတ်ထမ်း၊ သဲထမ်း လုပ်ခဲ့ကြသူတွေဖြစ်ပြီး အလုပ်လုပ်နေစဉ်ကာလက သူတို့နေထိုင်ဖို့ အိမ်ရာဝင်းရဲ့ အပြင်ဘက်မှာ နေထိုင်ခွင့် ရခဲ့ကြတာဖြစ်ပါတယ်။ အဲဒီမှာ အိမ်ခြေ လေးရာလောက်ရှိပြီး လူဦးရေ နှစ်ထောင်လောက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာတော့ အဲဒီ အလုပ်သမားတွေထဲက တချို့အလုပ်လက်မဲ့ ဖြစ်ကြရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အလုပ်သမားတွေက သူတို့ နေထိုင်တဲ့အိမ်ဝင်းမှာ အလုပ်သမား စံပြနေအိမ်စု ဆိုတဲ့ ဆိုင်းဘုတ်တင်ခဲ့ပြီး၊ ၂ လလောက် အကြာမှာ ကုမ္ပဏီလုံခြုံရေး တာဝန်ခံတွေက အဲဒီဆိုင်းဘုတ်ကို ဖြုတ်ချခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီအလုပ်သမားတွေထဲက တချို့ကို ကုမ္ပဏီက တရားစွဲပြီး အိမ်နေရာတွေကနေ ဖယ်ရှားတာလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
တဖက်မှာလည်း ပြီးခဲ့တဲ့ မတ်လကစလို့ အဲဒီအလုပ်သမားတွေက သူတို့နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီကို ပြန်လည် တရားစွဲထားတာ ခုချိန်ထိ တရားရုံး တက်နေရတယ်လို့ ဆိုပါတယ်။ ဒီနေ့ ဆန္ဒပြပွဲမှာတော့ လုံခြုံရေး ရဲအင်အား ၆၀ လောက်က စောင့်ရှောက်ခဲ့ပြီး ဆန္ဒပြပွဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ FMI အလုပ်သမားဟောင်း တစ်ဦးဖြစ်တဲ့ ဦးသိန်းလွင်က RFA ကို ပြောပါတယ်။
"ဒီနေ့ ဆန္ဒပြရတဲ့ အကြောင်းက နေလာတဲ့ အလုပ်သမားလေးတွေကို ကုမ္ပဏီကနေပြီးတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့လေ တရားစွဲတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ထပြီးတော့ ဆန္ဒပြတဲ့ သဘောမျိုးရှိတယ်။ ကုမ္ပဏီက ဖယ်ရှားချင်လို့ ပေါ့။ ကျွန်တော်တို့ကို ထွက်ဖို့ပေါ့။ အကုန်လုံး မစွဲဘူးသူက သုံးအိမ်တစ်တွဲစွဲလိုက်၊ လေးအိမ်တစ်တွဲ စွဲလိုက် အဲဒီလိုစွဲတာ။ လေးအိမ်တစ်တွဲ၊ သုံးအိမ်တစ်တွဲဆိုတော့ ငွေမလိုက်နိုင်တော့ တရားရှုံးရင် ထွက်ပေးရမယ်။ ထွက်ပြီးလို့ရှိရင် သူတို့ကို တရားစရိတ် ၃၇,၀၀၀ လျော်ပေးရမယ်"
ဒီပြဿနာ ပြေလည်အောင် အလုပ်သမားတွေက ကူညီပေးမယ့်ပုဂ္ဂိုလ် ရှာဖွေနေခဲ့ရာကနေ ဒီနေ့ဆန္ဒပြပွဲအပြီးမှာ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးကို သွားရောက် အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။