စစ်ကြောင်းဝင်ခဲ့တဲ့ ထီးချိုင့်မြို့ ရွာနှစ်ရွာမှာ နှစ်ဦးသေဆုံး၊ ငါးထောင်ခန့် ထွက်ပြေးနေရ
2023.04.04

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က ညောင်ပင်သာရွာနဲ့ စစ်တန်းရွာကို စစ်ကောင်စီ တပ်သားတွေ စစ်ကြောင်း နှစ်ကြောင်းခွဲ ဝင်ရောက်စီနင်း ပစ်ခတ်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး ဒေသခံ ငါးထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ထောင်စု တစ်ထောင်ကျော်ရှိတဲ့ ညောင်ပင်သာရွာနဲ့ အိမ်ထောင်စု သုံးရာကျော်ရှိတဲ့ စစ်တန်းရွာ နှစ်ရွာလုံး ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
အင်အား ၇၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းဟာ မတ်လ ၃၀ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်က ညောင်ပင်သာရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့လို့ အသက် ၂၀ ဝန်းကျင် မဇာကြည်ဝင်း လက်နက်ကြီးကျည်အစ ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကလည်း ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းမှာ စစ်တန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားနေတဲ့ အသက် ၃၀ အရွယ် ဒေသခံ ကိုသန်းဖေလေးကိုပါ ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မဇာခြည်ဝင်းက ၃၀ ရက်နေ့က ဝင်လာတဲ့စစ်ကြောင်းက ပစ်တဲ့လက်နက်ကြီးထိပြီး ဆုံးတာ။ ထွက်ပြေးဖို့ကြိုးစားရင်း ညောင်ပင်သာရွာအစပ်မှာ လက်နက်ကြီးမှန်တာပေါ့။ ကိုသန်းဖေလေးက ၂ ရက်နေ့က စစ်တန်းကိုဝင်တဲ့ စစ်ကြောင်းက ပစ်သတ်လို့သေတာ။ ရွာထဲကဘုန်းကြီးကျောင်းနားမှာ ထွက်ပြေးဖို့ကြိုးစားချိန် အပစ်ခံရတာ"
ဧပြီလ ၃ ရက် ညနေပိုင်းမှာတော့ ညောင်ပင်သာရွာကိုဝင်တဲ့ စစ်ကြောင်းနဲ့ စစ်တန်းရွာကို ဝင်တဲ့စစ်ကြောင်း ပေါင်းပြီး စစ်တန်းရွာကနေ ပြန်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးရာ ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့အထိ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပါအဝင် ပြည်သူ ၃,၂၀၆ ဦး သေဆုံးခဲ့ပါတယ်။