UNFC ပထမအကြိမ် ညီလာခံ ချင်းမိုင်မြို့မှာ ကျင်းပ


2014.08.26
unfc-unfc-305 UNFC ရဲ့ပထမဆုံးအကြိမ်ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပစဉ်
Photo: RFA

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ပထမဆုံး အကြိမ်ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ကျင်းပပါတယ်။

ဒီညီလာခံမှာ UNFC အလုပ်အမှုဆောင်အဖွဲ့ကနေ ၃ နှစ်ခွဲကြာဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအကောင် အထည်ဖော်မှုတွေကို သုံးသပ်တင်ပြပြီး ရှေ့လုပ်ငန်း စဉ်တွေ ချမှတ်နိုင်ဖို့၊ ငြိမ်းချမ်းရေးကိစ္စ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာတွေ ဆွေးနွေးသွားဖို့ရှိကြောင်း၊ လုပ်ငန်းတွေ ပိုပြီးထိထိရောက်ရောက်ရှိအောင်၊ ပိုပြီးတော့ စည်းစည်းရုံးရုံးနဲ့ ပါဝင်နိုင်အောင် နည်းလမ်း ရှာတာဖြစ်တယ်လို့ UNFC ညီလာခံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ဒါ့အပြင် ဒီညီလာခံကနေပြီး UNFC ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် မွမ်းမံပြင်ဆင်ရေးဆွဲဖို့ရှိ ပြီး နောက်သုံးနှစ်သက်တမ်းအတွက် ဦးဆောင်မယ့်ခေါင်းဆောင်သစ်တွေကို ဒီမိုကရေစီနည်းအရ ပြန် လည်ရွေးချယ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီညီလာခံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာတစ်စောင် ပေးပို့ ခဲ့ပါတယ်။ အဲဒီသဝဏ်လွှာမှာ တိုင်းပြည်အတွက် တိုင်းရင်းသားအားလုံးအတွက် အရေးကြီးတဲ့အလှည့်အပြောင်း စိမ်ခေါ်မှုတွေ ကြုံကြိုက်ခဲ့တာကို သတိထားမိပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဖြတ်ကျော်နိုင်ခဲ့တာကို ချီးကျူးဂုဏ်ပြုကြောင်းနဲ့ ဒီညီလာခံကနေ ရေရှည် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်တစ်ခုဆွေးနွေး ညှိနှိုင်း နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြ ပါရှိပါတယ်။

ညီလာခံကို UNFC  အဖွဲ့ဝင်တွေဖြစ်တဲ့ KIO , KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO, MNDAA  စတဲ့ အဖွဲ့ဝင် ၁၂ ဖွဲ့က ခေါင်းဆောင်တွေ၊ UNFC ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဖြစ်တဲ့ ALP,AA,DKBA, ငြိမ်းချမ်းရေးကောင်စီ PC, ABSDF စတဲ့အဖွဲ့ ၅ ဖွဲ့က ကိုယ်စားလှယ်တွေအပါအဝင် ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်နေကြပါတယ်။ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလား တပ်ဖွဲ့က ကိုယ်စားလှယ်တွေတော့ တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

UNFC အဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ ခေါ်ယူကျင်းပခဲ့တဲ့ တိုင်းရင်းသားညီလာခံကြီးကနေ စတင်တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

UNFC ရဲ့ပထမဆုံးအကြိမ် ဒီညီလာခံကျင်းပပြီးသွားတဲ့အခါ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေအပါအဝင် နိုင်ငံရေးပါတီ အင်အားစုတွေနဲ့ ဆက်လက်တွေ့ဆုံပြီး သြဂုတ်လ ၂၉  ရက်နေ့မှာ ၂ ရက်ကြာ ထပ်မံဆွေးနွေးသွားကြဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။