တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မျက်နှာစုံညီအစည်းအဝေး ကျင်းပ


2016.07.09
ethnic-press-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင်လ ၈ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးနေစဉ်
Photo: Aung Moe Myint/ RFA

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်တဲ့ မျက်နှာစုံညီအစည်း အဝေးကို ဇူလိုင်လ ၂၆ ရက်နေ့မှာကျင်းပဖို့ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့ တွေနဲ့ လက်မှတ်မရေး ထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့က ခေါင်းဆောင်ကိုယ်စားလှယ်တွေ ဆုံးဖြတ်ခဲ့ကြပြီး ညီလာခံ ဖြစ်မြောက်ရေး ကော်မတီနဲ့ ကျင်းပရေးကော်မတီတွေ ဖွဲ့စည်းခဲ့ကြပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသမှာ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေး ကျင်းပနိုင်ဖို့ ပြင်ဆင်ရေးလုပ်ငန်းကော်မတီ အဖွဲ့နဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်တွေနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ညှိနှိုင်းဆွေးနွေး ရေး ကော်မတီအဖွဲ့ က ခေါင်းဆောင်ကိုယ်စားလှယ်တွေ တွေ့ဆုံကြတဲ့ အစည်းအဝေးမှာ ဆွေးနွေးဆုံး ဖြတ်ခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

" ဒီဆွေးနွေးပွဲမှာကတော့ ကျနော်တို့ ဆုံးဖြတ်ချက်တွေကတော့ ၁၃ ချက်လောက်တော့ ရှိပါတယ် သို့သော် အဓိကကျတဲ့ ဆုံးဖြတ်ချက်ပဲ၊ ကျနော် နည်းနည်းလေး အသိပေးချင်ပါတယ်။ အဲ့ဒါကတော့ ကျနော်တို့ ဒီတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ မျက်နှာစုံညီ အစည်းအဝေးကို ကျနော်တို့ ဒီလအကြမ်းဖျဉ်းအားဖြင့်ပေါ့နော် ကျနော်တို့ နောက်ဆုံးပတ် ထဲမှာပဲ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ မိုင်ဂျာယန်မှာ ကျနော်တို့ ကျင်းပပြုလုပ်ဖို့ ယာထားပါတယ် အစည်း အဝေးကြီး ဖြစ်မြောက်ရေးအတွက်ကော်မတီ ၂ ရပ်ကို ကျနော်တို့ ဖွဲ့စည်းပါတယ်၊ ကော်မတီ ၂ ရပ် ကတော့ကျနော်တို့ ဒီတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ မျက်နှာစုံညီ အစည်းအဝေးအတွက် ပြင်ဆင်ရေး ကော် မတီ တစ်ခုကို ကျနော်တို့ အဖွဲ့ဝင် ၈ ဦးနဲ့ ကျနော်တို့ ဖွဲ့စည်း ထားပါတယ် နောက်ကော်မတီ တစ်ခုကတော့ အစည်းအဝေး ကျင်းပရေး ကော်မတီ ဆိုပြီးတော့ ၁၀ ဦးနဲ့ ဖွဲ့စည်းထားပါတယ် အဲ့ကော်မတီ နှစ်ရပ်နဲ့ ကျနော်တို့ ကျင်းပပြုလုပ်ဖို့ ဆုံးဖြတ်ပါတယ် ဒီအစည်းအဝေးကနေပြီးတော့"

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်း အေ၀ ပြင်ဆင်ရေးအဖွဲ့ကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က အထွေထွေအတွင်းရေးမှူး ဦးလနန် ခေါင်းဆောင်တဲ့ ၈ ဦးပါအဖွဲ့က ဦးဆောင်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ညီလာခံ ကျင်းပရေး ကော်မတီအဖွဲ့ကိုတော့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့က အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ဥက္ကဌ အဖြစ် တာဝန်ယူပြီး ဒုဥက္ကဌ ၁ အဖြစ် ပဒိုစောကွယ် ထူးဝင်းနဲ့ ဒုဥက္ကဌ ၂ အဖြစ် ဗိုလ်ချူပ် ဂွန်မော်က ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ယောက်က ဦးဆောင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အဖွဲ့တစ်ဖွဲ့ကို ကိုယ်စားလှယ် ၅ ဦးစီ တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ဒီအစည်း အဝေးကို တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့ကို ဖိတ်ကြားသွားမှာဖြစ်ပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုုးများ မဟာမိတ်အဖွဲ့ UNA ၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBFနဲ့ အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) WLB အဖွဲ့အစည်းတွေကိုလည်း တရားဝင် ဖိတ်ကြားသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မိုင်ဂျာယန်မှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉  ရက်နေ့အထိကျင်းပမည့် တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ဒီမျက်နှာစုံညီအစည်းအဝေး ကျင်းပတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ အစည်းအ ဝေးတက် ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေက ဆွေးနွေးဆုံးဖြတ် ခဲ့တာနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က အခုလို ပြောဆိုပါတယ်။

"ကျနော်တို့ အခုကတော့ ဒီမိုင်ဂျာယန်မှာ လုပ်မည့် ဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းရဲ့ မျက်နှာစုံညီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ၂ ချက်ရှိပါတယ် တစ်တချက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံ ဒီ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးဖြစ်တယ် ဒုတိယ အချက်ကတော့ ကျနော်တို့ ဒီ ကျနော်တို့ တိုင်းရင်းသားတွေ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခြေခံ ဘုံသဘောထား ရပ်တည်ချက် ကိုရရှိဖို့အတွက် ဖြစ်ပါတယ်။ အဓိကက နှစ်ချက်ပါပဲ။ ကျနော်တို့ ရက်သတ်မှတ်တာကတော့ အခုလာမည့် ဇူလိုင်လရဲ့ ၂၆ ရက်နဲ့ ၂၉  ရက်နေ့ထဲမှာ ကျနော်တို့ သတ်မှတ်ပါတယ်"

ဒီကနေ့ အစည်းအဝေးမှာ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကတဆင့် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးကို တက်ရောက် ခွင့်ပြုဖို့ ZRO ဇိုမီးအဖွဲ့က တောင်းဆိုထားတာနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်က လောခီးလာမှာကျင်းပခဲ့တဲ့ ညီလာခံက ချမှတ်ထားတဲ့မူနဲ့ လျော်ညီမှုမရှိတဲ့ အတွက် ဖိတ်ကြားဖို့အတွက် အခက်အခဲရှိတဲ့အတွက် အခက်အခဲရှိကြောင်းသာ ပြန်ကြားဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ ခူးဦးရယ်က ပြောဆိုပါတယ်။

မိုင်ဂျာယန်မှာကျင်းပမည့် အစည်းအဝေးကို တရားဝင် ကျင်းပခွင့်ရရှိနိုင်ရေးအတွက် ဒီကနေ့ မှာပဲ နိုင်ငံတော်အစိုးရထံကို တရားဝင် အသိပေးအကြောင်း စာတစ်စောင်ပေးပို့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကနေကျင်းပတဲ့ အစည်းအဝေးကို KIO ကချင်ပြည် လွတ်လပ်ရေးအဖွဲ့မှ ဗိုလ်ချူပ် ဂွန်မော်၊ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဗိုလ်ချူပ်ကြီး ဆေထင်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS အဖွဲ့က ဗိုလ်မှူးချူပ် ပေါင်ခေး ၊ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က ပဒိုစောကွယ်ထူးဝင်း ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့က ခူးဦးရယ် နဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်ကိုယ်စား လှယ်တွေအပါအဝင် ခေါင်းဆောင်ကိုယ်စားလှယ် ၃၀ လောက် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။