၁၇ ကြိမ်မြောက် KNU ညီလာခံကို ထပ်မံရွှေ့ဆိုင်း

2022.10.28
၁၇ ကြိမ်မြောက် KNU ညီလာခံကို ထပ်မံရွှေ့ဆိုင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး။
Photo: KIC

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ၁၇ ကြိမ်မြောက် ညီလာခံကို အခုနှစ်မှာလည်း ထပ်မံရွှေ့ဆိုင်းလိုက် တယ်လို့ KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကို ဒီနေ့ပြောပါတယ်။

၁၇ ကြိမ်မြောက် KNU ညီလာခံကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပရမှာဖြစ်ပေမယ့် ကိုဗစ် ကပ်ရောဂါအခြေအနေ၊ ၂၀၂၁ ခုနှစ်မှာလည်း စစ်အာဏာသိမ်းမှုကြောင့် ရွှေ့ဆိုင်း ခဲ့ရသလို အခုနှစ်မှာလည်း ဒေသတွင်းအခြေအနေတွေကြောင့် ထပ်မံရွှေ့ပြောင်းခဲ့ရတာလို့ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

"ဗဟိုကော်မတီရဲ့ အစီအစဉ်အရ အောက်တိုဘာလထဲမှာ ကျင်းပဖို့ ပြင်ဆင်ပြီးသားပါ၊ အခုက ဘာလို့ ခဏခဏ ရွှေ့ဆိုင်းနေရတာလဲဆိုတော့ လက်ရှိအခြေအနေအရ ကျနော်တို့မဲဆန္ဒနယ်မြေတွေဖြစ်တဲ့ တပ်မဟာ ခုနစ်ခု၊ ခရိုင် ခုနစ်ခုထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ခုနစ်ထောင် အောက်ထစ်မှာရှိနေတယ်၊ တပ်မဟာမှူးတွေအကုန်စုပြီး အစည်းအဝေးတက်ရမှာ ဒီအချိန်၊ ဒီကာလမှာ လုံးဝမဖြစ်နိုင်ဘူး"

လာမယ့်ကာလမှာ ကွန်ဂရက်ပါတီကို ကျင်းပသွားဖို့ ရည်ရွယ်ထားပေမယ့် ဘယ်အချိန်မှာ လုပ်မယ်ဆိုတာကတော့ အတိအကျမပြောသွားပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထဲမှာ အဖွဲ့ကွဲနေတာကြောင့် ညီလာခံကို ရွှေ့ပြောင်း နေတာလို့ ဝေဖန်မှုတွေရှိနေပေမယ့် ဒါက မှန်ကန်မှုမရှိဘူးလို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို ခရိုင် ခုနစ်ခုက တပ်မဟာမှူးတွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး တင်ပြကြတာပါ။

ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ သုံးသိန်းရှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။