တိုင်းရင်သား EAO PPST အဖွဲ့ ဒုတိယအကြိမ် ညီလာခံပြီးဆုံး


2016.06.26
ppst-meeting-620.jpg တိုင်းရင်သား EAO PPST အဖွဲ့ ဒုတိယအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Holiday Inn Hotel မှာ ဇွန်လ ၂၇ ရက်နေ့က ကျင်းပနေစဉ်
Photo: Aung Moe Myint/ RFA

ကချင်ပြည်နယ် မိုင်ဂျာယန်မှာကျင်းပမည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ညီလာခံ တက်ရောက်ဖို့ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ပြီးစီးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ EAO PPST ဒုတိယအကြိမ် ညီလာခံကနေ ဆုံးဖြတ်ခဲ့ကြပါတယ်။

ချင်းမိုင်မြို့ Holiday Inn Hotel မှာ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချူပ် လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့  ၈ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး စနေနေ့ ညနေက ပြီးဆုံးသွားခဲ့တာပါ။

ဒီညီလာခံနဲ့ ပတ်သက်ပြီး EAO PPST အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အစည်းအဝေးအပြီးမှာ အခုလို ပြောပါတယ်။

"အပစ်ရပ်တာဖြစ်စေ မရပ်သည်ဖြစ်စေ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ထိပ်သီးညီလာခံ ယခင်ကတော့ လိုင်ဇာညီလာခံပေါ့၊ ဒီလိုပုံစံမျိုး ညီလာခံ တစ်ရပ်ကိုလည်း ဒါကိုလည်းပဲ PPST က သဘော တူပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်တယ်၊ အဲ့ဒီပွဲကိုကြိုဆိုတယ် ကျနော်တို့ တက်ဖို့ သဘောတူ ဆုံးဖြတ်တယ်၊ အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ ၂၁ ရာစု ပင်လုံလို့ ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှာ ဘယ်လို ပါဝင်တက်ရောက်နိုင်မလဲ ဆိုတာ ကျနော်တို့ ညှိမယ် တက်ရောက် ပြီးတဲ့နောက်မှာ ဘယ်ခေါင်းစဉ်တွေ ဘယ်အကြောင်းအရာတွေ ကို အဓိက ဆွေးနွေး မလဲဆိုတာ ညှိမယ် နောက်ပြီးတော့ ပင်လုံကို သဘောထားပုံ ထားနည်းပေါ့၊ ဒီပင်လုံ က ကျနော်တို့ ၄၇ ပင်လုံရဲ့ ရည်မှန်းချက်ဖြစ် တဲ့ ပြည်ထောင်စု စစ်စစ်မှန်မှန်ပေါ်ပေါက်ရေး ဦးတည်မလား သို့တည်းမဟုတ် ပင်လုံစိတ်ဓါတ်ကိုယူ ပြီးတော့ လက်ရှိအခြေအနေအရ ပြည်ထောင်စုသစ်ကို ဖော်ဆောင်ဖို့လား ဆိုတဲ့ဟာမျိုးပေါ့လေ၊ ဒါ မိုင်ဂျာယန် မှာဆွေးနွေးမယ် ဆိုလည်း ဒီ ၂၁ ပင်လုံ ကိစ္စကိုပဲ ဇောင်းပေး ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်"

မိုင်ဂျာယန်မှာကျင်းပမည့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များအစည်း အဝေးကိုတော့ လာမည့် ဇူလိုင်လ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပဖို့ ယာယီ သတ်မှတ်ထားပေမယ့် ခေါင်းဆောင်အသီးသီးနဲ့ ပြန်လည်ညှိနှိုင်း သွားရဖို့ ရှိနေသေးတယ်လို့လည်း ဆက်ပြောပါတယ်။

တဆက်တည်းမှာပဲ NCA အပစ်ရပ် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇွန်လ ၂၈ ရက်နေ့ကြရင် နေပြည်တော်မှာ ပထမဦးဆုံးအကြိမ် တရားဝင် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စတွေကိုလည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်ပြောပါတယ်။

အစည်းအဝေးအပြီးမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က တိုးမြင့်လာတဲ့ ယုံကြည်မှုတွေကို ပိုမိုခိုင်မာစေဖို့အတွက် ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်ကြဖို့လိုအပ်တယ် လို့ ပြောပါတယ်။

"ကျနော်တို့ဟာ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်  ပြောဆိုဆွေးနွေးညှိနှိုင်းကြတဲ့ အတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များ  ချမှတ်နိုင်ခဲ့ပါတယ်၊ ပွင့်ပွင့်လင်းလင်း ပြောကြတဲ့အတွက် တစ်ဦးနဲ့  တစ်ဦးအကြား နားလည်မှုပိုမိုရရှိကြပြီး တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုကို  မြင့်မားလာ ကြပြီးလို့ ပြောနိုင်ပါတယ်။ တိုးမြင့်လာတဲ့ယုံကြည်မှု  ပိုမိုခိုင်မာစေဖို့ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ရန်လိုပါတယ်။ ဒါကြောင့် မိမိတို့ တာဝန်ယူ၊ တာဝန်ခံတဲ့အတိုင်း  ဆက်လက် အကောင်အထည်ဖော်ကြပါ၊ ကျနော်တို့ မျှော်လင့်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ  နိုင်ငံသစ် ကို အောင်မြင်အောင် ဆောင်ရွက်ကြပါလို့ပြောကြားရင်း  နိဂုံးချုပ်ပါတယ်"

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမှာ  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးအရ ဦးဆောင် မှုပေးနိုင်ဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။