ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းခွဲကျော်ရှိလာ

RFA Burmese
2024.06.24
ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းခွဲကျော်ရှိလာ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသူများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ကတွေ့ရစဥ်။
Kayan Rescue Committee - KRC

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ကပ်လျက်ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သောင်းခွဲကျော် ရှိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူတွေက ဇွန် ၂၄ ရက်နေ့မှာ ပြောပါတယ်။

ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးနေရတာလို့ ပအိုဝ်းလူငယ်အစည်းအရုံး ပြောခွင့်ရသူ နန်းက ပြောပါတယ်။

“စစ်ကောင်စီနဲ့ PNLA က ဒီတစ်ကျော့ပြန်တိုက်ပွဲမှာ ဒရုန်းနဲ့လက်နက်ကြီးအသုံးပြုမှု မြင့်တက်လာနေတဲ့အပေါ်မှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုလည်း မြင့်တက်လာနေတယ်။ အခုထွက်ပြေးရသူက နှစ်သောင်းခွဲကျော်နေပြီ”

ပင်လောင်းဒေသခံတွေဟာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေမြို့နယ်တွေကို အများဆုံး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အားငါးရာကျော်သုံးပြီး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်လိုလိုဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် မေလကတည်းက စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ကြား တိုက်ပွဲတွေ နေ့စဥ်လိုလိုဖြစ်နေတာပါ။

အခုရက်ပိုင်း တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ဒရုန်းတွေကို ပိုပြီးအသုံးပြုတိုက်ခိုက်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။