စစ်တွေမှာ သံဃာတစ်ပါးကို လက်နက်တွေနဲ့ ဖမ်းဆီးမိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ဦးဣန္ဒာစာရ ဆိုတဲ့ သံဃာတစ်ပါးကို လက်နက်တွေ၊ ကျည်ဆန်တွေနဲ့ မူးယစ်ဆေးဝါးတွေ နဲ့အတူ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ တယ်လို့ သိရပါတယ်။

2013.01.25
monk_305.jpg လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရခဲ့တဲ့ ဦးဣန္ဒာစာရရဲ့ သာသနာဝင် စီစစ်ရေးကဒ်ပြား
Photo: RFA

အဲဒီသံဃာတော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ဘူးသီးတောင်ကို သွားရောက်ဖို့ပြင်ဆင်နေစဉ် စစ်တွေ မလိခ အမြန်ရေယာဉ်ဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ထံကနေ ပစ်စတို သေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဆံ ၂၆ တောင့်နဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား ၄၉၆၀၀ ပြား တွေ့ရှိခဲ့တယ်လို့ ဒေသခံ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တရားမဝင် WY ပန်းရောင် စိတ်ကြွဆေးပြားတစ်ခုရဲ့တန်ဖိုးဟာ ၃၀၀၀ နှုန်းရှိတဲ့အတွက် မနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ ကာလတန်ဖိုး ကျပ်ငွေသိန်းပေါင်း ၁၄၀၀ ကျော်ရှိတယ်လို့လည်း အစိုးရ လုံခြံရေးအရာရှိတွေက ဆိုပါတယ်။

ဦးဣန္ဒာစာရရဲ့ သာသနာဝင်အမှတ်မှာ ၉/ညဥန(သ) ၀၀၀ ၈၃၈ ဖြစ်ပါတယ်။ သူဟာ ရခိုင်ပြည်နယ် ရသေ့တောင်ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေက ရသေ့တောင်နဲ့ ဘူးသီးတောင် အလိုတော်ပြည့်ကျောင်းတွေမှာ နေထိုင်ခဲ့တယ်လို့သိရပါတယ်။

ဦးဣန္ဒာစာရဟာ မင်းပြားမြို့ အလိုတော်ပြည့်ကျောင်းမှာ အနေများပြီး လက်ရှိသက်တော်မှာ ၃၈ နှစ်ဖြစ်ပြီး၊ ဝါတော်မှာ ၁၈ ဝါ ဖြစ်ပါတယ်။

မကြာသေးခင်က စစ်တွေမြို့ကို ရောက်ရှိပြီး စစ်တွေအလိုတော်ပြည့်ကျောင်းမှာ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။ အဲဒီစစ်တွေ အလိုတော်ပြည့်ကျောင်းကနေ ဘူးသီးတောင်ကိုသွားဖို့ ထွက်ခွာစဉ် အာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဖမ်းမခံရခင် ၂ ရက်အလိုက စစ်တွေမြို့မှာနေထိုင်တဲ့ အသက် ၄၇ နှစ်အရွယ် ဒကာတစ်ယောက်က အဲဒီပစ္စည်းတွေထည့်ထားတဲ့ လက်ဆွဲအိတ်ကို လာပေးသွားတာဖြစ်တယ်လို့ ဦးဣန္ဒာစာရက ထွက်ဆိုကြောင်း အာဏာပိုင်တွေဘက်ကပြောပါတယ်။

လက်ရှိမှာ  ဦးဣန္ဒာစာရကို ပုဒ်မ-၁၅/၁၉(က)၊ ၂၀(က)၊ ၂၁/၂၂(ခ) နဲ့ အာဏာပိုင်တွေက အမှုဖွင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။