အပစ်ရပ်စဲရေးမူကြမ်းအတွက် ဇူလိုင်မှာ ထပ်တွေ့ကြမည်


2014.06.30
knu-gov-ceasefire-305 မြန်မာအစိုးရခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ KNU အဖွဲ့မှ စစ်ဦးချုပ် ဗိုလ်ချုပ် ကြီး စောမူးတူးဆေးဖိုးတို့ ဘားအံမြို့မှာ ၂၀၁၁ ဇန်နဝါရီလ ၁၂ ရက်နေ့က အပစ်ခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးနေကြစဉ်
RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခု ရလာဖို့အတွက် လာမယ့်ဇူလိုင်လမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံဆွေးနွေး သွားမှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြား လိုက်ပါတယ်။

အမျိုးသားလွှတ်တော်ကို ဒီနေ့ ရောက်ရှိ သွားတဲ့ ဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ပြောခဲ့တာဖြစ် ပါတယ်။

" သူတို့နဲ့ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ အကြိမ် ၇ ကြိမ်ရှိပါပြီ၊ ပထမတော့ သူ့မူ ကိုယ့်မူကိုယ့်ဟာ ကိုယ်ကိုင်စွဲနေပါတယ်၊ အခုကတော့ ကျနော်တို့က အဲ့လိုမလုပ်တော့ပဲနဲ့ မူတစ်ခုပဲ ကိုင်ရပါတယ်၊ အဲ့ဒီမှာ အချက် ၁၁၂ ချက်ရှိတယ်၊ ပထမ အကြိမ် ဆွေးနွေး ချက်ကို မူကြမ်းထွက်လာတဲ့ အချိန်မှာ ၇၇ ချက်သဘောတူတယ်၊ ၄၅ ချက်ကျန်တယ်လေ၊ ဒုတိယအကြိမ် မူကြမ်းဆွေးနွေးပွဲမှာ အဲ့ဒီကျန်တဲ့ ၄၅ ချက်ထဲက ၁၄ ချက်ကိုသဘောတူတယ်၊ အဲ့တော့ ၃၁ ချက်ပဲကျန်တယ်၊ အဲ့ဒီ ၃၁ ချက်ကလည်း ကျနော်တို့ လာမဲ့ဇူလိုင်လထဲမှာ ဆွေးနွေးဖို့ရှိတယ်၊ ဒီ ၃၁ ချက်ကို ကျနော်တို့ ပြန်ပြီးတော့ဆွေးနွေးကြမယ်၊ ဆွေးနွေးလို့ သဘောတူပြီးသွားရင်ဆိုရင်တော့ လူကြီးတွေတင်ပြ ပြီးတဲ့ အခါမှာ ကျနော်တို့ လက်မှတ်ထိုးဖို့ပဲရှိတာပေါ့၊ တော်တော်တော့ နီးစပ်နေပြီလို့ ပြောလို့ရတာပေါ့"

ကျင်းပမယ့်နေရာနဲ့ ရက်စွဲကိုတော့ ဦးအောင်မင်းက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း လာမယ့်ဇူလိုင်လထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပဖို့ စီစဉ်နေ တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။