ရှမ်းပြည်နယ် စီမံကိန်းတွေ ဆိုင်းငံထား
2016.07.05
ရှမ်းပြည်နယ်အတွင်း ပြုလုပ်ဖို့ တင်ပြထားတဲ့ စီမံကိန်းကြီးများ အားလုံးကို ဆက်လက် လုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရရဲ့သဘောထား မှတ်ချက်ပေးဖို့ကိစ္စကို ဆိုင်းငံထားဖို့ ပြည်နယ်အစိုးရက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ပြည်နယ်အတွင်း ဆောင်ရွက်ဖို့တင်ပြထားတဲ့ စီမံကိန်းအများအပြားရှိပြီး နိုင်ငံတကာကုမ္ပဏီများနဲ့ ပြည်တွင်း ကုမ္ပဏီများ အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့ တင်ပြထားတာတွေလည်းပါဝင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်ကပြောပါတယ်။
"ပရောဂျက်တွေတင်ထားတာရှိပါတယ်၊၊ သဘောထားမှတ်ချက်တစ်ခုမှ မပေးရသေးဘူး၊ နောက် တစ်ခုတောင်းဆိုရမှာကတော့ ဘယ်ဟာပဲလုပ်လုပ်၊ ပရောဂျက်ကြီးကြီးပဲဖြစ်ဖြစ်၊ သေးသေးပဲဖြစ်ဖြစ်၊ အရင်ပြဿနာတွေရှင်းနေတဲ့ ကာလဖြစ်တော့၊ နောက်ထပ် စီမံကိန်းတွေ၊ သိမ်းတာတွေ၊ လျော်ကြေးပေး တာတွေ၊ နောက်ထပ်ပြဿနာတွေ ကျနော်တို့ မဖြေရှင်းနိုင်သေးဘူး"
ပြီးခဲ့တဲ့ အပတ်အတွင်း တရုတ်နိုင်ငံ Hydro- China ကော်ပိုရေးရှင်းနဲ့ ပြည်တွင်းရှိ IGE ကုမ္ပဏီတို့ ပူးပေါင်းပြီး သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် နောင်ဖ ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်ဖို့ ပြည်နယ်အစိုးရကို လာရောက်ရှင်းပြခဲ့ပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေအများအပြားရှိပြီး ဒေသခံပြည် သူတွေရဲ့ဆန္ဒသဘောထားကိုသိရှိဖို့ လိုအပ်တာကြောင့် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက် ကို ပေးမှာမဟုတ်ဘူးလို့ပြောပါတယ်။
အလားတူ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် တခြားတခြားသော ရေအားလျှပ်စစ်စီမံကိန်းများအတွက်လည်း သဘောထားမှတ်ချက်ပေးမှာ မဟုတ်လို့ ဆုံးဖြတ်ထားတယ်လို့ ဦးစိုးညွန့်လွင်က ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းပြုလုပ်မဲ့ စီမံကိန်းကြီးများ ဆက်လက်လုပ်ဆောင်ခွင့်များအတွက် ပြည်နယ် အစိုးရက သဘောထားမှတ်ချက်ပေးမှာမဟုတ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ စီမံ/ဘဏ္ဍာ ဝန်ကြီးလည်း ဖြစ် ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွှန့်လွင်ကိုဦးတင်အောင်ခိုင်က ဆက် သွယ်မေးမြန်းထားပါတယ်။