ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေရဲ့ အခက်အခဲတင်ပြ


2018.02.17
phyominthein-622.jpg ရန်ကုန်မြို့ မင်းဓမ္မလမ်းက MCC ခန်းမမှာ ကျင်းပတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ တိုင်းအစိုးရ တွေ့ဆုံပွဲ အခမ်းအနားမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Analysis on Myanmar Construction Sector 2018 - AMCS

ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ဗဟိုဘဏ်အပါအဝင် ဘဏ်တွေကနေ ငွေချေးနိုင်ဖို့အတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေဟာ လုပ်ငန်းရှင်တွေအတွက် အခက်အခဲတွေဖြစ်နေရတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြလိုက်ပါတယ်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းက MCC ခန်းမမှာ ကျင်းပတဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကဏ္ဍမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တိုင်းအစိုးရထံ တင်ပြတဲ့ အခမ်းအနားမှာ လုပ်ငန်းရှင် မောင်ဝိတ်က တင်ပြခဲ့တာဖြစ်ပါတယ်။

"ဗဟိုဘဏ်နဲ့ ဘဏ်တွေရဲ့ကြားမှာ ထွက်ပေါ်လာတဲ့ စည်းကမ်းများဟာ ကောင်းပင်မှန်သော်ငြား မူကြို ကလေးများကို အလေးမ ခိုင်းသကဲ့သို့ အချိန်အခါ မသင့်သေးတဲ့အတွက်ကြောင့် ဘဏ်တွေက ချေးငွေ အသစ်တွေ မပေးနိုင်တော့တဲ့အပြင် ယခင် ချေးပေးထားတဲ့ ငွေတွေကိုပင် အချိန်တိုတိုအတွင်းမှာ ပြန်ဆပ်ခိုင်းနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ အစိုးရဘဏ်တွေက ချေးငွေရဖု့ိဆိုတာလည်း ယနေ့အချိန်ထိ ကျနော်တို့မှာ အခက်အခဲတွေ ရှိနေသေးတာဖြစ်လို့ ကျနော်တို့အားလုံးဟာ ဘယ်လိုမှ ဆက်ရွှေ့လို့မရအောင် ပိတ်မိသွားခဲ့ပြီ ဖြစ်ပါတယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်လွဲှပြောင်းရယူပြီးနောက်ပိုင်း အိမ်ခြံမြေကဏ္ဍကို ထိန်းလိုက်ရတဲ့ အကြောင်းရင်းကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အစိုးရအသစ် တာဝန်ယူတဲ့အချိန်မှာ ခြောက်လလောက်အတွင်းမှာပဲ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်တော့မလိုလို အော်နေတဲ့အခြေအနေမှာ ကျနော်တို့ ရန်ကုန်တိုင်းက အမုန်းခံပြီး အိမ်၊ ခြံ၊ မြေ ဘရိတ်ကို ကျနော်တို့ နင်းခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆို စီးပွားရေး တက်နေတာကို ရပ်အောင် လုပ်တာမဟုတ်ပါဘူး။ အရှိန်ကို ထိန်းနေတာ ဖြစ်ပါတယ်။ ဒီပြောင်းလဲနေတဲ့ အခြေအနေပေါ်မှာ အခု ကျနော်တို့ အခွန်နဲ့ပတ်သက်တဲ့ အခြေအနေ ဒီ (၆) ချက်ထဲမှာ ပါပါတယ်။ အခွန်နဲ့ပတ်သက်တဲ့ အခြေအနေဟာ သက်ရောက်မှုတွေ အများကြီး အိမ်၊ ခြံ၊ မြေ လောကထဲမှာ ပေါ်လာမှာ ဖြစ်ပါတယ်"

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဖြေလျှော့ပေးဖို့ အချက် ၆ ချက်ကို လုပ်ငန်းရှင်တွေ က တောင်းဆိုခဲ့ပါတယ်။

အိမ်ခြံမြေ တိုက်ခန်းရောင်းဝယ်ရေးအတွက် အခွန်တွေကို ၂ နှစ်လောက် လျှော့ပေးဖို့၊ စီမံကိန်းအာမခံထားပြီး ၃ နှစ်ကနေ ၁၀ နှစ်အထိ ဘဏ်ချေးငွေ ရရှိဖို့၊ ဘဏ်ချေးငွေ အတိုးနှုန်းလျော့ချပေးဖို့၊ အိမ်ယာဝယ်တဲ့သူတွေကို ၁၅ နှစ်ကနေ နှစ် ၂၀ အထိ ဘဏ်ချေးငွေနဲ့ ဝယ်ယူခွင့် ရရှိဖို့စတဲ့ အချက် ၆ ချက်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ချေးငွေကို နှစ်ရှည်ပေးနိုင်ဖို့၊ အလုပ်သမားတွေအတွက် အိမ်ခြံမြေဝယ်နိုင်မယ့် အခြေအနေဖြစ်နိုင်အောင် ဆောင်ရွက်ပေးဖို့၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ထုတ်ချေးဖို့အတွက် ငွေကျပ် ၇၀ ဘီလီယံ ပြည်ထောင်စုအစိုးရက သတ်မှတ်ထားကြောင်း၊ ရန်ကုန်တိုင်းရဲ့ စီးပွားရေးနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တိုးတက်လာနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။