တိုက်ပွဲတွေရပ်ဖို့ ရှမ်းတိုင်းရင်း သားတွေ တောင်းဆို
2016.05.28

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ကျောက်မဲမြို့က ရှမ်းတိုင်းရင်းသား သံဃာတော်တွေနဲ့ရှမ်းလူငယ်အဖွဲ့အစည်းက လူငယ်တွေခေါင်းဆောင်ပြီး ဒေသခံ သုံးထောင်ကျော် တို့ဟာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
လက်ရှိတိုက်ပွဲတွေအတွင်း လူအခွင့်ရေးချိုးဖောက်ခံရတာတွေ ပိုမိုများလာနေတာကြောင့် စစ်ပွဲတွေ ရပ်တန့်ပေးဖို့ အခုလိုဆန္ဒဖော်ထုတ်တာဖြစ်တယ် လို့ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ စိုင်းလွမ့်ခေးက ပြောပါတယ်။
"ကျနော်တို့ကျောက်မဲမြို့ ဒေသခံတွေ အကုန်လုံးစုပြီး စစ်ဘေးတွေအတွက်လုပ်ခဲ့ပြီးပြီ၊ ဒါပေမဲ့ ခုချိန်မှာနောက်တစ်ခါထပ်ဖြစ်တယ်၊ ထပ်ဖြစ်တဲ့အချိန်မှာ အရင်ကထက်ပိုပြီးဆိုးနေတယ်၊ ပြည်သူလူထုအနေနဲ့လည်း ဒုက္ခရောက်တယ်၊ ပြေးရတယ်၊ ကျနော်တို့ရှမ်းပြည်နယ်တွင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေချုပ်ငြိမ်းသွားဖို့ လက်နက်ကိုင်အဖွဲ့အစည်း၊ ဘယ်အဖွဲ့အစည်းကိုမဆို တိုက်ပွဲဖြစ်လာအောင်ဖန်တီးခဲ့တယ်၊ ပြည်သူလူထုကိုနှိပ်စက်တာတို့ လူ့အခွင့်အရေးချိုးဖောက်တာ တို့ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အဖွဲ့ကိုမဆိုလုံးဝဆန့်ကျင်မှာပါ"
ဆန္ဒပြပွဲကို ကျောက်မဲမြို့နယ်ထဲက ကျေးရွာပေါင်း ၁၀၀ ကျော်က ဒေသခံတွေ ပါဝင်ကြပြီး ကျောက်မဲ မြို့ရှမ်းကျောင်းကြီးကနေ မြို့မဈေးအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
စစ်ပွဲတွေရပ်ဖို့၊ တိုက်ပွဲတွေအတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေက ရွာသားတွေကို လူ့အခွင့်ရေး ချိုး ဖောက်တာတွေမလုပ်ဖို့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အနေ နဲ့စစ်ပွဲတွေရပ်တန့်နိုင်ရေး ကူညီပေးဖို့စတဲ့ပိုစတာတွေကိုကိုင်ပြီး ဆန္ဒထုတ်ဖော်ကြပါတယ်။
ရှမ်းပြည်ယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံရွာသားတွေဟာ နေရပ်စွန့်ခွာနေရသလို တိုက်ပွဲတွေအတွင်း ဒေသခံတွေရဲ့နေအိမ်တွေ လည်း ဖျက်ဆီးခံရတာတွေလည်း ရှိနေပါတယ်။
အခုလက်ရှိ ဒီရက်ပိုင်းအတွင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေ နေရပ်စွန့်ခွာနေရ ဆဲဖြစ်ပါတယ်။