နာရေးကူညီမှုအသင်း ၁၁ နှစ်ပြည့်ပြီ
2012.01.01

(၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ မနက်ပိုင်းမှာ သံဃာတော် (၁၁) ပါးကို ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ (၁၁)နှစ်မြောက် အထိမ်းအမှတ်အဖြစ် နာရေးလမ်းကြောင်း (၁၁) ကြောင်းမြောက် ဈာပန တစ်ခုကိုလည်း အဖွဲ့သားအားလုံး လက်တွဲပြီး ခမ်းခမ်းနားနား သြင်္ဂိုဟ်ပေးခဲ့ပါတယ်။
၁၁ နှစ်တာ ကာလအတွင်း နာရေးကူညီမှုအသင်း ဖြတ်သန်းခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဦးကျော်သူက ပြောဆိုရာမှာ- ပထမဆုံး ရင်ဆိုင်ခဲ့ရ တာက လူတွေကြားမှာ ရှိနေတဲ့ အယူသည်းမှု ဖြစ်ကြောင်း၊ ကိုယ်တိုင် အလောင်းထမ်းပြပြီး တိုက်ဖျက်ခဲ့ရကြောင်း၊ ဒုတိယအနေနဲ့ အာဏာပိုင်တွေရဲ့ အပိတ်အဆို့ အတားအဆီးတွေနဲ့ ရင်ဆိုင်ခဲ့ရ ကြောင်း၊ အခုတော့ အခြေအနေ ကောင်းလာကြောင်း ပြောပြပါတယ်။
နာရေးကူညီမှုအသင်း တရားဝင် မှတ်ပုံတင်ခွင့်ကိုတော့ အခုချိန်ထိ မရသေးဘူးလို့ ဦးကျော်သူက ပြောပါတယ်။ ၂ဝဝ၆ ခုနှစ်က သက်တမ်း ကုန်သွားတဲ့အတွက် ပြန်လည် လျှောက်ထားခဲ့ကြောင်း၊ အခု အစိုးရသစ် လက်ထက်မှာလည်း ထပ်မံ လျှောက်ထားပေမယ့် မှတ်ပုံတင်ခွင့် မရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် နာရေးကူညီမှု အသင်း အနေနဲ့ ရှေ့ဆက်ပြီး လူမှုရေး သာမက ကျန်းမာရေး၊ ပညာရေးတွေမှာပါ ပံ့ပိုး ကူညီနေကြောင်း၊ ဆက်လက်ပြီးတော့လည်း ကူညီနေမှာ ဖြစ်ကြောင်း ဦးကျော်သူက ပြောပါတယ်။
နာရေးကူညီမှုအသင်း အနေနဲ့ နာဂစ်မုန်တိုင်း၊ ပခုက္ကူ ရေဘေး စတဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေ အရေးပေါ် ကယ်ဆယ်ရေးတွေမှာလည်း သွားရောက် ကူညီခဲ့ပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း ကချင် စစ်ပြေးဒုက္ခသည်တွေနဲ့ မင်္ဂလာတောင်ညွှန့် မီးဘေး ဒုက္ခသည်တွေကို သွားရောက် လှူဒါန်း ကူညီခဲ့ပါတယ်။