ရေဘေးသင့်ဒေသတွေ ဝမ်းရောဂါဖြစ်ပွားမှု စိုးရိမ်ရ
2014.08.09

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး လှည်းကူးမြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာက ရေဘေး ဒုက္ခသည်တွေကို အစားအသောက်နဲ့ ဆေးဝါး ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
အခုသွားရောက်လှူဒါန်းခဲ့တဲ့ ဂျုံးဂျုံးကျကျေးရွာမှာ အိမ်ခြေ ၁၂၀ ကျော်ရှိပြီး ရေကြီးနေတာဟာ ၁ လနီးပါး ရှိနေပြီလို့ သွားရောက်လှူဒါန်းခဲ့တဲ့ လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုသက်ခိုင် က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လှည်းကူးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ရေလွှမ်းနေ တဲ့ ကျေးရွာတချို့ကို အစားအသောက်တွေ နဲ့ ဆေးဝါးပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
လှည်းကူးမြို့နယ်အတွင်းက စစ်ပင်၊ ရေကျော်၊ ဘားလား၊ ငွေနံ့သာစတဲ့ကျေးရွာ ၈ ရွာလောက်မှာ ရေကြီးနေတာဟာ ၂ ပတ်နီးပါး ကြာနေပြီဖြစ်ပါတယ်။ အဲဒီရေကြီးနေတဲ့ ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြို့ခံတွေကလည်း သွားရောက်လှူဒါန်းနေတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
မနက်ဖြန်မှာလည်း အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာ က ရေဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။
ပဲခူးမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ခဲ့ရသူတွေကို နာရေးကူညီမူအသင်း(ရန်ကုန်) က အစားအသောက်တွေ မနေ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ အသင်းဥက္ကဌ ဦးကျော်သူက ပြောပါတယ်။
"မနေ့က ကျနော်တို့ ကယ်ဆယ်ရေးစခန်း ၁၂ ခုသွားတယ်၊ လူဦးရေက စခန်းတစ်ခုနဲ့တစ်ခု မတူဘူးခင်ဗျ၊ တချို့စခန်းကျတော့ ၂၂ဝဝ ကျော်ရှိတယ်၊ တချို့ ၇ဝဝ၊ တချို့ကျတော့ ၃ဝဝဝ ကျော်တယ်၊ အစားအသောက်က သူတို့အခက်အခဲတွေ ဖြစ်နေတယ်၊ ဈေးဆိုင်တွေလည်းမဖွင့်နိုင် အကုန်ရေမြှုပ်နေတော့ စားဖို့သောက်ဖို့ ခေါက်ဆွဲခြောက်တို့၊ ငါးသေတ္တာဘူးတို့၊ မုန့်ကြွပ်တို့၊ ရေသန့်ဘူးတွေ ကျနော်တို့သွားပြီး လှူတယ်"
နာရေးကူညီမူအသင်း (ရန်ကုန်)နဲ့ အတူ ပဲခူးမြို့က သုခကုသိုလ်ဖြစ်ဆေးခန်းနဲ့ မြို့ခံအရပ်ဘက် အဖွဲ့အစည်းတွေကလည်း ရေဘေးကယ်ဆယ်ရေးစခန်းတွေက ဒုက္ခသည်တွေရဲ့ အစားအသောက်အတွက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေကြီးမှုနောက်ဆက်တွဲအဖြစ် ဝမ်းရောဂါဖြစ်ပွားမူတွေလည်း များပြားလာနိုင်တာကြောင့် ရေစီးရေ လာကောင်းမွန်ရေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဦးကျော်သူက ပြောပါတယ်။
ပဲခူးမြို့ပေါ်က မြေအနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုှပ်မှုဒဏ်ကို ပိုခံခဲ့ရပြီး တစ်ပတ်ကျော်အတွင်း လူနေအိမ် နှစ်ထောင်ကျော် ရေဘေးသင့်ကာ လူပေါင်း တစ်သောင်းကျော်ကို ကယ်ဆယ်ရေးစခန်း ၁၉ ခု ဖွင့်လှစ် ကူညီပေးထားတယ်လို့ ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရေဘေးကူညီရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ နာရေးကူညီမူ အသင်း(ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အခုလို ပဲခူးတိုင်းအတွင်း ကြုံနေရတဲ့ ရေဘေးဒုက္ခသည်အနေနဲ့ မသန့်ရှင်းတဲ့ရေတွေကြောင့် ဝမ်းရောဂါ လိုမျိူး ပြဿနာတွေ ကြုံတွေ့လာရနိုင်တယ်လို့ ရေဘေးဒုက္ခသည်တွေကို တနိုင်တပိုင်ကူညီနေ တဲ့ သွေးမေတ္တာ ဖောင်ဒေးရှင်းက ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကလည်း ပြောပါတယ်။
ဦးဝေဠုကျော်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။