နေထိုင်စရာရရှိရေး ရန်ကုန်မြို့လယ်မှာ တောင်းဆို ဆန္ဒပြ
2013.10.26

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက ပေးထားတဲ့ ကတိအတိုင်း နေထိုင် စရာဆောင်ရွက်ပေးဖို့ ဒီနေ့မနက်ပိုင်းက မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
မူလပေးထားတဲ့ ကတိအတိုင်းမဟုတ်ဘဲ အောက်တိုဘာ လ ၁၀ ရက်နေ့မှာ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီဌာနက စီမံကိန်းနယ်မြေအတွင်းမှာ နေထိုင်နေသူတွေကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အမှတ် ၁၃၈/၁၅၅ ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းခဲ့တာကြောင့် အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ၆၇ ရပ်ကွက်က ဒေသခံ ဦးတော်မီက RFA ကိုပြောပါတယ်။
“အိုးအိမ်ဦးစီးဌာနကလူက ဘာပြောသလဲဆိုတော့ ခင်ဗျားတို့နဲ့ ညှိနှိုင်းဖို့အချိန်မရှိဘူးတဲ့၊ ခင်ဗျားတို့နဲ့ ပြောလို့ရှိရင် ဒီနေ့တစ်နေကုန်ပြီးမှာ မဟုတ်ဘူးဆိုပြီးတော့ ကျနော်တို့ကို ပြောခွင့်မပေးခဲ့ဘူး၊ သူတို့ကနေပြီးတော့မှ ကျနော်တို့ကို ဒီစီမံကိန်းဧရိယာအတွင်းကနေဖယ်ပေးဖို့ မဖယ်ပေးရင် တရားဥပဒေအတိုင်း အရေးယူမယ်ဆိုပြီး ကျနော်တို့ကို ခေါ်ယူပြီး အသိပေးခြိမ်းခြောက်လိုက်တာပေ့ါ၊ ကျနော်တို့ကလည်း တိုက်ခန်းရမှကျေနပ်နိုင်မယ်၊ မရင်ရင်မပြောင်းရွေ့နိုင်ဘူးလို့ ပြောပြီးတော့ အစည်းအဝေးကတော့ ပျက်သွားတယ်၊ ကျနော်တို့လည်း ပြန်လာခဲ့ကြတာပေါ့နော်၊ နောက်ဆက်တွဲ ကျနော်တို့ မကျေနပ်တဲ့အတွက်ကြောင့်မို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်ခန်းမမှာ အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးနဲ့ ရပ်ကွက်နေပြည်သူတွေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းနယ်မြေတွေမှာ ပါဝင်နေသူတွေ ရွှေ့ပြောင်းပေးဖို့နဲ့ စီမံကိန်းနယ်မြေနဲ့ လွတ်ကင်းရာမှာ လိုင်းခန်းတွေတည်ဆောက်ပေးပြီး စီမံကန်းလုပ်ငန်းခွင်မှာပဲ အလုပ်ခန့်အပ်ပေးအပ်သွားမယ်လို့ ကတိပေးခဲ့ကြောင်း ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။
ဒီတစ်ကြိမ် ဆန္ဒပြတောင်းဆိုတာဟာ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကလည်း မြို့တော်ခန်းမအနီးမှာ ပထမအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။