တောင်သူတွေစိုက်စရိတ် အကြွေးမဆပ်နိုင်


2016.06.01
nankhanaye-620.jpg ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး ဇွန်လ ၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းနေစဉ်
Photo: Win Naung Toe/ RFA

အရင်အစိုးရလက်ထက် သမဝါယမဝန်ကြီးဌာနက တရုတ်နိုင်ငံ China Exim ဘဏ်ကနေ ဒေါ်လာ သန်း ၁၀၀ ချေး ပြီး တောင်သူတွေကို ထုတ်ပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို တောင်သူတွေ ဘက်က ၆ လ တစ်ကြိမ် ပြန် လည်ပေးဆပ်ဖို့ အခက်အခဲရှိနေတာကြောင့် တစ်နှစ်တစ်ကြိမ် ပေးဆပ်ခွင့်ပြုဖို့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းခမ်းအေး က လွှတ်တော်မှာ တင်ပြမေးမြန်းခဲ့ပါတယ်။

ရှမ်းပြည်နယ် နမ္မတူမြို့နယ်က တောင်သူတွေဟာ ချေးငွေ ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် တခြားကနေ အတိုးကြီးကြီးနဲ့ ယူပြီး ပေးနေရကြောင်း သမဝါယမအသင်းပိုင်ငွေနဲ့ အစားထိုးပြီး အကြွေးဆပ်ပေးထားဖို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က တင်ပြခဲ့ပါတယ်။

"ဒီဇူလိုင်လမှာ တောင်သူလယ်သမားတွေဟာ အဲ့ချေးငွေနဲ့ အတိုးနဲ့အရင်းကို သမဝါယမကို ပေးဆပ်ရပါတယ်၊ ဒီငွေတွေပြန်ဆပ်နိုင်ဖို့ တခြားဆီကနေပြီးတော့ ချေးငွေပြန်ယူရပါတယ်၊ ဒီလိုဇူလိုင်လမှာ သွင်းရမယ့်ငွေကို ဗဟိုသမဝါယမအသင်းကနေပြီးတော့ အသင်းပိုင်ငွေနဲ့ အစားထိုး၍သော်၎င်း ဒါမှမဟုတ်ရင် ကျမတို့နိုင်ငံမှာ ရှိတဲ့ ငွေတစ်ခုခုနဲ့ အစားထိုး၍သော်၎င်း၊ ဒါမှမဟုတ်ရင် သက်ဆိုင်ရာဘဏ်မှာ တစ်ရာခိုင်နှုန်း အတိုးယူပြီးတော့ အစားထိုးပေးသွင်းရင်လည်း အဆင်ပြေနိုင်ပါတယ်"

စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ က China Exim ဘဏ်နဲ့ ချုပ်ဆိုထားတဲ့ စည်းကမ်းချက်တွေအရ အစိုးရအနေနဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို ပြောင်းလဲဖို့ မဖြစ်နိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။

"နှစ်နိုင်ငံချုပ်ဆိုထားသည့် စာချုပ်ပါစည်းကမ်းအရ ၆ လတစ်ကြိမ် အတိုးအရင်းပေးရန်ဖြစ်၍ ဒီအချက်မှာ သူတို့ဆီကကောက်ခံသလို မိမိကိုယ်တိုင်လည်း ၆ လတစ်ကြိမ် အတိုးအရင်းပေးရတာလည်းဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ တစ်နှစ်တစ်ကြိမ် အတိုးအရင်းပေါင်း စာချုပ်ပါစည်းကမ်းအရ ပြန်လည်ပေးဆပ်သောစနစ် ကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"

စိုက်ပျိုးစရိတ်ချေးငွေတွေကို တစ်နှစ်အတွင်း ဇန်နဝါရီလမှာ တစ်ကြိမ် ဇူလိုင်လမှာတစ်ကြိမ် တောင်သူတွေ က ပေးသွင်းရတာဖြစ်ပါတယ်။ တစ်ရာသီသာ စိုက်ပျိုးနိုင်တဲ့ ရှမ်းပြည်နယ်က တောင်သူတွေအတွက် ဇူလိုင်လမှာ ပေးသွင်းရမယ့်အချိန်ဆိုရင် အခက်အခဲတွေ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ တရုတ်နိုင်ငံ China Exim ဘဏ်ကနေ အရင်သမဝါယမ ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူပြီး လယ်သမားတွေကို တစ်ဧကအတွက် ငွေကျပ် တစ်သိန်းနှုန်းနဲ့ ထုတ်ချေးခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဟာ ဒီနှစ်စိုက်ပျိုးရာသီမှာ တောင်သူတွေကို ချေးငွေတိုးချေးပေးနိုင် ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ငွေကျပ် ဘီလီယံ ၅၀၀ ချေးယူမှာဖြစ်ပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။