Facebook ဖယ်ရှားခံရမှု အရေးကြီးအဆို လွှတ်တော်ပယ်ချ


2018.08.31
army-page-622.jpg ဖေ့စ်ဘွတ်ကနေဖြုတ်ချလိုက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖေ့စ်ဘွတ်စာမျက်နှာနဲ့ မြဝတီ ဖေ့စ်ဘွတ်စာမျက်နှာတွေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မြဝတီ ဖေ့စ်ဘွတ်စာမျက်နှာများ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာအပါအဝင် တပ်မတော်နဲ့ပတ်သတ်တဲ့ စာမျက်နှာတွေ ဖြုတ်ချခံရတာနဲ့ ပတ်သက်ပြီး အစိုးရက တစ်စုံတစ်ရာ လုပ်ဆောင်ပေးရေးအတွက် ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခွင့် တင်ပြရာမှာ ပယ်ချခံခဲ့ရပါတယ်။

သြဂုတ်လ ၂၇ ရက်မှာ ဖေ့စ်ဘွတ်ကုမ္ပဏီက မြန်မာနိုင်ငံက ဖေ့စ်ဘွတ်အကောင့် ၁၈ ခု၊ ဖေ့စ်ဘွတ် စာမျက်နှာ  ၅၂ ခုနဲ့ အင်စတာဂရမ် အကောင့် ၁ ခုကို ဖယ်ရှားပိတ်ပင်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

ဒီအဆိုတင်သွင်းတဲ့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက ဘာကြောင့် အရေးကြီးအဆို တင်သွင်းတယ်ဆိုတာကို ပြောပါတယ်။

“သူလုပ်တဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ သုံးသပ်ရမယ်။ ဒီအပေါ်မှာ သုံးသပ်ပြီးတော့မှ အစိုးရတစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်စေချင်လို့၊ တုံ့ပြန်စေချင်လို့၊ ပြောနေတာတွေရှိပါတယ်... ဦးဇော်ဌေးတို့ ဒေါက်တာမျိုးညွန့်တို့။ ဒါပေမယ့် ဒီလောက်နဲ့မလုံလောက်ဘူး၊ အစိုးရက တရားဝင် ထုတ်ပြန်ခြင်းတွေ လုပ်ရမယ်။ လိုအပ်ရင် ဒီဟာကို block လုပ်ပစ်လိုက်ရမယ်.. ဆိုတဲ့အဆင့်အထိ ကိုယ်တို့ လိုအပ်ရင်ပေါ့နော်၊ ဒီလိုလုပ်ပြီးတော့.. ကိုယ့်နိုင်ငံရဲ့ ဒီလိုထိလာရင် မခံဘူးဆိုတဲ့ ဇာတိ ပုည ဂုဏ်မာနပေါ့၊ ဒါကိုပြဖို့လိုတယ်”

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်တို့က ဒီကိစ္စအပါ် ပြောကြားတာတွေရှိပေမယ့် မလုံလောက်တဲ့အတွက် အရေးကြီးအဆို တင်တာလို့လည်း ပြောပါတယ်။

တင်သွင်းတဲ့အရေးကြီးအဆိုဟာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့ မကိုက်ညီဘူးဆိုပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုကို ခွင့်မပြုခဲ့ဘူးလို့လည်း ဦးသောင်းအေးက ပြောပါတယ်။

အရေးကြီးအဆိုဟာ လတ်တလောဖြစ်တဲ့အကြောင်းအရာ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့အကြောင်း၊ လွှတ်တော်က ဆုံးဖြတ်ရမယ့် အကြောင်းအရာဖြစ်မှသာ အရေးကြီးအဆိုမြောက်တယ်လို့ လွှတ်တော်ဥပဒေမှာ ပြဋ္ဌာန်းထားတာပါ။

အဆိုတင်သွင်းသူ ဦးသောင်းအေးကတော့ သူရဲ့အဆိုဟာ အရေးကြီးအဆိုဖြစ်နိုင်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ အကြောင်း၊ တပ်မတော်ဟာ တခုတည်းသော တပ်မတော်ဖြစ်သလို အများနဲ့သက်ဆိုင်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။