ပို့ကုန်လုပ်ငန်း နလံထူလာဖို့ ပို့ကုန်ရငွေ အခွန်ထပ်လျှော့မည်
2011.08.14
ယခင် နဝတ၊ နအဖ စ်အစိုးရ ဆက်ဆက်လက်ထက်က ပို့ကုန်လုပ်ငန်းတွေကနေ ကုန်သွယ်ခွန် ၈ ရာခိုင်နှုန်းနဲ့ အမြတ်ခွန် ၂ ရာခိုင်နှုန်း၊ စုစုပေါင်း ၁ဝ ရာခိုင်နှုန်း ကောက်ခံလာခဲ့ရာက ပြီးခဲ့တဲ့လအတွင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကုန်သွယ်ခွန်ကို ၃ ရာခိုင်နှုန်း လျှော့ပေးခဲ့ပါတယ်။
ဒါပေမယ့် ဒေါ်လာငွေတန်ဖိုး ကျဆင်းပြီး မြန်မာငွေ အထူးမာနေခဲ့တာကြောင့် ပို့ကုန်လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်လာတဲ့အတွက် ကျန်ရှိနေသေးတဲ့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို အခုလို ထပ်မံ လျှော့ပေးလိုက်တာ ဖြစ်ပါတယ်။
အခု အခွန်လျှော့ပေးမယ့် အရေးကြီး ပို့ကုန် (၇) မျိုးထဲမှာ ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်းများ၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းများ ပါဝင်ပါတယ်။ အခုလို ပို့ကုန်ရငွေကနေ အခွန်စည်းကြပ်မှုကို လျှော့ပေးလိုက်တဲ့အတွက် အရှုံးပေါ်နေတဲ့ တောင်သူတွေရော၊ ကုမ္ပဏီတွေပါ အခြေအနေ ကောင်းလာနိုင်တယ်လို့ လုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။
ဒါပေမယ့် အခုအခွန်လျှော့ပေးတဲ့ အစီအစဉ်ထဲမှာ တခြားအရေးကြီးတဲ့ သစ်အခြေခံလုပ်ငန်းတွေ၊ အထည်ချုပ် လုပ်ငန်းတွေ အပါအဝင် CMP စနစ်နဲ့ လုပ်ကိုင်နေတဲ့ လက်ခစား လုပ်ငန်းတွေ မပါဝင်တဲ့အတွက် အစိုးရအနေနဲ့ မူဝါဒကို ထပ်မံစိစစ်ဖို့ လိုနေသေးကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။