နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်ကျပေမဲ့ အခြေခံစားကုန် ဈေးမြင့်နေ

RFA Burmese
2024.10.02
နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်ကျပေမဲ့ အခြေခံစားကုန် ဈေးမြင့်နေ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်ဈေးတွင် ဈေးဝယ်နေကြသူများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အမေရိကန်ဒေါ်လာငွေ အပါအဝင် ထိုင်းဘတ်နဲ့ တရုတ်ယွမ်ငွေ လဲလှယ်နှုန်းတွေ ဆက်တိုက်ကျလာပေမဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မကျသေးဘူးလို့ ရန်ကုန်မြို့က အိမ်ရှင်မတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ကျပ် ခုနစ်ထောင်ကျော်အထိ မြင့်တက်ခဲ့ပေမဲ့ စက်တင်ဘာလ ဒုတိယအပတ်စလို့ ဈေးတွေ ဆက်တိုက်ပြန်ကျလာနေတာပါ။

အောက်တိုဘာလ ၂ ရက် ဒီနေ့မှာ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ငွေကျပ် ၄၅၀၀ ခန့်ရှိပြီး ဒါဟာ ပြီးခဲ့တဲ့လတွေထက် ကျပ် နှစ်ထောင်နီးပါး ပြန်ကျလာတာလည်း ဖြစ်ပါတယ်။

အလားတူ ထိုင်းဘတ်ငွေ လဲလှယ်နှုန်းလည်း ဩဂုတ်လအတွင်း ထိုင်း တစ်ဘတ်ကို ကျပ် ၁၆၀ ကနေ အောက်တိုဘာလ ၂ ရက်ဒီနေ့မှာ ၁၄၀ ကျပ်သာ ရှိပါတယ်။

တရုတ်ယွမ်ငွေလည်း ဩဂုတ်လအတွင်း တစ်ယွမ်ကို ကျပ် ရှစ်ရာအထိရှိပေမဲ့ အောက်တိုဘာလ ၂ ရက် ဒီနေ့မှာ ကျပ် ၆၄၀ သာရှိပြီး ဆက်တိုက်ကျဆင်းလာနေတာ ဖြစ်ပါတယ်။

ဒီလို ငွေလဲလှယ်နှုန်းတွေကျလာတာ တစ်လနီးပါးရှိပေမဲ့ အခြေခံစားကုန်တွေ ဈေးမကျလို့ အခက်ကြုံနေ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကမာရွတ်မြို့က အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။

“ဒေါ်လာဈေးတက်တုန်းကတော့ တက်လို့ ဈေးတက်တယ် အခုပြန်ကျနေတာ တစ်လကျော်ပြီ။ ဈေးက ဆက်တက်နေတုန်းပဲ တစ်ပတ်နဲ့ တစ်ပတ် ဈေးသွားရင်တောင် မတူတော့ဘူး။ အခု အခြေခံကုန်ဈေးနှုန်းက တက်နေတော့ ကြာရင် ရတဲ့လစာနဲ့ မလောက်တော့မှာ စိုးရိမ်တယ်”

ပြီးခဲ့တဲ့ ဇွန်လကစလို့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေဟာ နှစ်ဆယ် ရာခိုင်နှုန်းကနေ ငါးဆယ် ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အခုချိန်အထိ ပြန်ကျသွားတာ မရှိသေးပါဘူး။

ပြည်ပသွင်းကုန်တွေကိုသာ အဓိကထားနေရတဲ့ မြန်မာနိုင်ငံဟာ အခြေခံစားသောက်ကုန်အများစုကို ထိုင်းနဲ့ တရုတ်နယ်စပ်တွေက တင်သွင်းပြီး အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းအပါအဝင် ထိုင်းဘတ်နဲ့ တရုတ် ယွမ်ငွေ အတက်အကျပေါ် မူတည်ပြီး ကုန်ဈေးနှုန်းတွေ ပြောင်းလဲနေတာပါ။

အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းတွေ ကျဆင်းလာတာဟာ စစ်ကောင်စီက ပို့ကုန်တွေကို အရင်ကထက် ထိန်းချုပ်မှု တွေရှိလာပြီးနောက် မြန်မာငွေလိုအပ်ချက်ရှိလာတာကြောင့် ဖြစ်တယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။