ဘုတလင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်နေ

RFA Burmese
2024.10.19
ဘုတလင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်နေ ဘုတလင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဥ်။
Facebook/ The Helpers For Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စီပါရွာအပါအဝင် ရွာလေးရွာက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့ပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးရတာ နှစ်ပတ်ကျော်ကြာလာပြီးနောက် အခုလို စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။

ဒီအပြင် တက်လှိုင်း၊ စီပါ၊ ကျွဲသေချောင်း၊ ဆယ်ဝ စတဲ့ရွာတွေကို အောက်တိုဘာ ၁၆ ရက်ကနေ ၁၈ ရက်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် နှစ်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုအပြင် ကျန်းမာရေး ပြသနာတွေပါ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“နေ့စဉ်နဲ့အမျှ ရက်တွေကြာလာတော့လေ သူတို့ စားနပ်ရိက္ခာတွေ ရှားပါးလာတယ်။ စားနပ်ရိက္ခာ အဆင်မပြေမှုတွေ ကြုံတွေ့ရတယ်ပေါ့နော်။ ရာသီအကူးအပြောင်းဆိုတော့ တချို့ဆိုရင် လောလော လောလောပြေးလာရတာဖြစ်တဲ့အတွက် စောင်တွေဘာတွေ မယူခဲ့ရဘူး။ ရာသီအကူးအပြောင်း မနက်ခင်းပိုင်းအေးတာ ဖြစ်တဲ့အတွက် အဝတ်အစားတွေ ပြီးတော့ အိပ်စရာနေရာတွေ၊ စောင်တွေ လိုအပ်နေတာရှိတယ်”

အောက်တိုဘာလ ၁၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေဟာ စိုင်ပြင်လေးရွာကနေတစ်ဆင့် ညောင်ကန်ရွာကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့တဲ့ ဖြစ်စဉ်မျိုးတွေ မရှိသေးဘူးလို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်က RFA ရဲ့ မေးမြန်းမှုကို အောက်တိုဘာ ၁၉ ရက် ဒီနေ့မှာ ပြန်လည်ဖြေကြားပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်ကောင်စီ အခြေချစခန်းကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော်သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံရပါတယ်။

အဲဒီနောက် တစ်ကျော့ပြန်စစ်ကြောင်းထိုးမှုအတွင်း ဘုတလင်မြို့အပါအဝင် မြောက်ကြည်နဲ့ တက်လှိုင်းရွာက ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။