စစ်အစိုးရကိုဖိအားပေးဖို့ ဥရောပပါလီမန် တောင်းဆို

မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာစီယံနိုင်ငံတွေ အနေနဲ့ မြန်မာစစ်အစိုးရကို ထောက်ခံမှုပေးနေ တာကို ရပ်တန့်ပြီး မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ဖိအားပေးကြဖို့ ဥရောပ ပါလီမန် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

2010.11.26
assk_eu_parliament_305_z.jpg ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှိုးဆော်မှုတခုအဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ မျက်နှာစာပေါ်တွင် မီးမောင်းထိုး ပြသထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ၂၀ဝ၉ ဇွန်လ ၁၈ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပြင်သစ်နိုင်ငံ Strasbourg မြို့မှာ မနေ့က ပြုလုပ်တဲ့ ဥရောပပါလီမန် စုံညီအစည်းအဝေးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မှာ အခုလို တောင်းဆိုလိုက်တာပါ။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့လည်း စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ ဥရောပပါလီမန်အမတ်တွေက ကြိုဆို လိုက်ပေမယ့် တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ အခု လွတ်မြောက်မှုဟာ အကန့်အသတ်မရှိ၊ ခြွင်းချက်မရှိတဲ့ လွတ်မြောက်မှု ဖြစ်ရမယ်လို့လည်း တောင်းဆိုလိုက်ပါတယ်။ ၁၉၉၀ ခုနှစ်အတွက် “Sakharov လွတ်လပ်စွာတွေးခေါ်မှုဆု” ချီးမြင့်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လာမယ့်ဒီဇင်ဘာလ ဆုချီးမြင့်ပွဲကို ကိုယ်တိုင် မလာရောက်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံကို ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ပြီး ဆုအပ်နှင်းဖို့ ဆုံးဖြတ်ချက်ကိုလည်း ဥရောပ ပါလီမန်အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။

နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ဒီရွေးကောက်ပွဲဟာ ကြောက်ရွံ့မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ၊ ဘုန်းတော်ကြီးတွေ အပါ အဝင် မဲပေးခွင့်မရတဲ့ မြန်မာနိုင်ငံသား သန်းနဲ့ချီပြီးရှိခဲ့ကြောင်း၊ ဒီနိုင်ငံရေးအကျဉ်းသား ၂ ထောင့် ၂ ရာကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရမှာ ဖြစ်ကြောင်း ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ဒါြ့ပင် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့အတွက် မိမိတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေးသြဇာကို အပြည့်အဝ အသုံးချပြီး ဆောင်ရွက်ကြဖို့နဲ့ ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်တွေကို အကူအညီတွေ ဆက်ပေးကြဖို့လည်း ဥရောပပါလီမန် ဆုံးဖြတ်ချက်မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။