EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
2011.06.21

AFP
အဲဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ဘာတွေ ပြောဆို ဆွေးနွေးကြတယ် ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။
ဒါပေမယ့် ယေဘုယျအားဖြင့် အရင် နိုင်ငံတကာ ဧည့်သည်တွေနဲ့ပြောလေ့ရှိတာတွေ ဆွေးနွေးမှာ ဖြစ်သလို ဒီထဲမှာ တိုင်းရင်းသား ဒေသတွေက စစ်ပွဲတွေ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်အောင် ဝိုင်းဝန်း ကူညီဖို့ကိုလည်း ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ အစည်းအဝေး မစခင်မှာ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင် က RFA ကိုပြောပါတယ်။
"အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို ကျနော်တို့ တင်ပြထားတယ်။ နောက်တခုက အထွေထွေ အတွင်းရေးမှူးက မကြာခင် နယ်ခရီးထွက်ဖို့ ရှိတယ်လို့ ပြောထားပြီး ဖြစ်တယ်။ အထွေထွေ အတွင်းရေးမှူးရဲ့ လုံခြုံရေးအတွက် ဘာဘဲ ပြောပြော လက်ရှိ အစိုးရမှာဘဲ တာဝန် အရှိဆုံး ဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ် ဆောင်ရွက်သွားမှာ ဖြစ်တယ် ဆိုတာတွေက ကျနော်တို့ ပြောမဲ့ဟာတွေ ပါဘဲ။ နောက်တိုင်းရင်းသား ဒေသတွေက စစ်ပွဲတွေ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်အောင် ဝိုင်းဝန်း ကူညီဖို့ ဒုက္ခသည်တွေကို စာနာ ကူညီကြပါဆိုတာတွေ ကျနော်တို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။"
ဥရောပသမဂ္ဂ ဒုတိယ ဥက္ကဌလည်းဖြစ်၊ နိုင်ငံခြားရေးနဲ့လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ မစ္စတာ ရောဘတ်ကူးပါး ခေါင်းဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကတော့ နေပြည်တော်မြို့ ကို သွားရောက်ပြီး ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင် တချို့နဲ့တွေ့ဆုံခဲ့ပါတယ်။
ဒီ ကိုယ်စားလှယ် အဖွဲ့ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ဥရောပ သမဂ္ဂ အတွက် အလွန် အရေးကြီးတဲ့ အကြောင်း ဥရောပ သမဂ္ဂ နိုင်ငံခြားရေး တာဝန်ခံရုံးရဲ့ ပြောခွင့်ရ အမျိူးသမီး Maja Kocijancic က ပြောပါတယ်။
မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ဥရောပ သမဂ္ဂက စဉ်းစား ဆုံးဖြတ်ပြီးတဲ့နောက် ဒီ်အဖဲ့ွ့ ခရီးစဉ်ဟာ ပထမဦးဆုံး ဖြစ်ပြီး ရလဒ်ကောင်းတွေ ထွက်ဖို့လည်း မျှော်လင့်ထားကြောင်း ဥရောပ သမဂ္ဂ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အစိုးရ အာဏာပိုင်တွေ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ တင်မက လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။